ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီး မော်စကိုမြို့၌ သမ္မတ ပူတင် နှင့်တွေ့ဆုံဆွေးနွေး
25 Dec
ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးတို့သည် ဒီဇင်ဘာလ ၂၃ ရက်က ရုရှားနိုင်ငံ မော်စကို မြို့၌ သမ္မတ ပူတင် နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် ရုရှားသမ္မတပူတင်နှင့် ဆီးရီးယားအစိုးရဝန်ကြီးများသည် ရုရှားနှင့် ဆီးရီးယားနိုင်ငံ တို့ကြား စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကို အဓိကထားဆွေးနွေး ခဲ့ကြကြောင်း ဆီးရီးယားအစိုးရမီဒီယာများက သတင်းထုတ်ပြန်ထားသည်။ ဆီးရီးယားသမ္မတ အယ်လ်ရှာရာ ကိုယ်တိုင် ယခုနှစ်အောက်တိုဘာလအတွင်း ရုရှားနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး ရုရှားသမ္မတ ပူတင် နှင့်တွေ့ဆုံခဲ့သည်။ ဆီးရီးယားအစိုးရအနေဖြင့် သဘောတူညီချက်အားလုံးကို ရုရှားနှင့် ယခင်ရယူထားသည့်အတိုင်း စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်း အဆိုပါခရီးစဉ်အတွင်း ဆီးရီးယားသမ္မတ အယ်လ်ရှာရာ က ကတိပေးထားသည်။ သမ္မတ အယ်လ်ရှာရာ ဦးဆောင်သော သူပုန်တပ်များသည် ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလအတွင်း ရုရှား၏ မဟာမိတ်သမ္မတဟောင်း အာဆတ် ဦးဆောင်သည့် အစိုးရအဖွဲ့ကိုဖြုတ်ချခဲ့ပြီး အာဏာစတင်ရရှိခဲ့သည်။ ဆီးရီးယား နိုင်ငံတွင် ရုရှားတပ်မတော်၏ အဓိကလေတပ်စခန်းတစ်ခုနှင့် ရေတပ်စခန်းတစ်ခုတို့ တည်ရှိကြောင်း သိရသည်။