လစ်ဗျားစစ်ဦးစီးချုပ်နှင့် အခြားတာဝန်ရှိသူ ၄ ဦး တူကီယဲမြို့တော်အနီး လေယာဉ်ပျက်ကျ၍ သေဆုံး
24 Dec
လစ်ဗျားနိုင်ငံ တပ်မတော်စစ်ဦးစီးချုပ် မိုဟာမက် အယ်လ်-ဟာဒက်နှင့် အခြားစစ်ဘက်တာဝန်ရှိသူ ၄ ဦး တို့သည် တူကီယဲနိုင်ငံ မြို့တော်အန်ကာရာ တောင်ဘက်၌ ဒီဇင်ဘာလ ၂၃ ရက် ညနေပိုင်းက ၎င်းတို့၏ စီးပွားရေးလုပ်ငန်းသုံး ဂျက်လေယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့ကြောင်း လစ်ဗျားနှင့် တူကီယဲအာဏာပိုင်များက ပြောကြားခဲ့သည်။ အန်ကာရာမြို့ Haymana ခရိုင်ရှိ Kesikkavak ရွာအနီးတွင် Falcon 50 ဂျက်လေယာဉ်၏ အပျက်အစီးများကို တူကီယဲရဲတပ်ဖွဲ့များက ရှာဖွေတွေ့ရှိခဲ့ကြောင်း တူကီယဲနိုင်ငံ ပြည်ထဲရေးဝန်ကြီး အလီ ယာလီကာယာ က ပြောကြားခဲ့သည်။ လစ်ဗျားဝန်ကြီးချုပ် Abdul-Hamid Dbeibah ကလည်း အယ်လ်-ဟာဒက်နှင့် အကြီးတန်း စစ်ဘက်အရာရှိအချို့မှာ တူကီယဲနိုင်ငံသို့ တရားဝင်ခရီးစဉ်မှပြန်လာစဉ် လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့ကြောင်း ပြောကြားလျက် ယင်းသေဆုံးသူများကို နောက်ပိုင်းတွင် ကြေညာချက်တစ်စောင်၌ အတည်ပြုခဲ့သည်။ အစိုးရ အနေဖြင့် ထိုမတော်တဆမှု၏ အခြေအနေများကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ လေယာဉ်အမြီးနံပါတ် 9H-DFJ ပါရှိသော အဆိုပါလေယာဉ်သည် တူကီယဲနိုင်ငံ မြို့တော်အန်ကာရာ၏ Esenboga လေဆိပ်မှ ဒေသစံတော်ချိန် ၂၀ နာရီ ၁၀ မိနစ်(ဂရင်းနစ်စံတော်ချိန် ၁၇၁၀)တွင် လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီသို့ ဦးတည်ပျံသန်းခဲ့ကြောင်း၊ ယင်းလေယာဉ်အား Haymana ခရိုင်အနီးတွင် အရေးပေါ် ဆင်းသက်ရန် လေယာဉ်အမှုထမ်းများက အကြောင်းကြားစာထုတ်ပြန်ပြီး မကြာမီ ၂၀ နာရီ ၅၂ မိနစ် (ဂရင်းနစ် စံတော်ချိန် ၁၇၅၂) ၌ အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း ယာလီကာယာ က ပြောကြားခဲ့သည်။ အဆိုပါလေယာဉ်၏ တိုက်မိမှုမှ အလင်းရောင်တစ်ခုနှင့် လေယာဉ်ပျက်ကျရာနေရာ၌ အပျက်အစီးများ ပြန့်ကြဲနေပုံအား ပြသထားသည့် မှတ်တမ်းရုပ်ပုံများကို တူကီယဲနိုင်ငံ၏ Anadolu အေဂျင်စီက ထုတ်လွှင့်ခဲ့သည်။ လေယာဉ်ပျက်ကျပြီးနောက် ခေတ္တရပ်ဆိုင်းထားခဲ့သည့် အန်ကာရာမြို့၌ လေကြောင်းသွားလာမှုများမှာ ယင်းနောက်တွင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဟု ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။ အယ်လ်-ဟာဒက်သည် အဆင့်မြင့်စစ်ရေးဆွေးနွေးပွဲများအတွက် အန်ကာရာမြို့သို့ ရောက်ရှိနေခဲ့ပြီး တူကီယဲနိုင်ငံ ကာကွယ်ရေးဝန်ကြီး Yasar Guler၊ စစ်ဦးစီးချုပ် Selcuk Bayraktaroglu တို့နှင့် တွေ့ဆုံခဲ့သည်ဟု တူကီယဲနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၃ ရက်အစောပိုင်း၌ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Report from Xinhua Myanmar)