ဥရောပသမဂ္ဂ (EU) က ရုရှားအပေါ် စီးပွားရေးပိတ်ဆို့မှုများကို ခြောက်လ သက်တမ်းတိုး

24 Dec

ဥရောပသမဂ္ဂ(EU)က ရုရှားအပေါ် စီးပွားရေးပိတ်ဆို့မှုများကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်အထိ နောက်ထပ်ခြောက်လ သက်တမ်းတိုးရန်ဆုံးဖြတ်ခဲ့ကြောင်း ဥရောပကောင်စီက ဒီဇင်ဘာလ ၂၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ EU ၏ အရေးယူပိတ်ဆို့မှုများတွင် ရုရှားမှ ပင်လယ်ရေကြောင်းဖြင့် သယ်ဆောင်လာသော ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းအချို့ကို တင်သွင်းခြင်း သို့မဟုတ် ကူးပြောင်းသယ်ဆောင်ခြင်းကို တားမြစ်ခြင်း၊ SWIFT စနစ်မှ ရုရှားဘဏ်အများအပြားကို ဖယ်ထုတ်ခြင်း၊ EU က ကရင်မလင်နန်းတော်ရဲ့ ထောက်ပံ့မှုရယူပြီး သတင်းအမှားတွေ ပံ့ပိုးနေတယ်လို့ ယူဆရတဲ့မီဒီယာတွေကို EU နိုင်ငံများအတွင်း သတင်းထုတ်လွှင့်ခွင့်လိုင်စင်များကို ဆိုင်းငံ့ခြင်းတို့ ပါဝင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့အပြင် EU သည် ပိတ်ဆို့မှုများကို ရှောင်တိမ်းခြင်းနှင့် စပ်လျဉ်းပြီး အထူးတန်ပြန်အစီအမံများကို ချမှတ်ခဲ့သည်။ အထက်ပါ ပိတ်ဆို့မှုအစီအမံများတွင် ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ စွမ်းအင်၊ နည်းပညာနှင့် စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများ၊ စက်မှုလုပ်ငန်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးစသည့် ကဏ္ဍအများအပြား ပါဝင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ EU သည် ယူကရိန်းနိုင်ငံအား နိုင်ငံရေး၊ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူသားချင်းစာနာထောက်ထားမှု၊ စစ်ရေးနှင့် သံတမန်ရေးဆိုင်ရာ အထောက်အပံ့များကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ပြီး လိုအပ်ချိန်တွင် နောက်ထပ်ပိတ်ဆို့မှုအစီအမံများ ထည့်သွင်းရန်အပါအဝင် ရုရှားအပေါ် ဖိအားများ တစ်ဆင့်တိုးမြှင့်တင်ရန် EU က အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ ရုရှားအပေါ် EU ၏ ယခုအကြိမ် စီးပွားရေးပိတ်ဆို့မှုများသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွင် သက်တမ်းကုန်မည်ဖြစ်သည်။ (Report from Xinhua Myanmar)

24 Dec

ADVERTISE HERE .