“ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းခြင်းက ဒေသတွင်းတည်ငြိမ်ရေးဖော်ဆောင်ရာတွင် အရေးကြီးသော ခြေလှမ်းတစ်ရပ်ကို ကိုယ်စားပြု”
24 Dec
ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး အာဆတ်ဟက်ဆန်အယ်လ်ရှီဘာနီနှင့် တူကီယဲနိုင်ငံခြားရေးဝန်ကြီး ဟာကန် ဖီဒန်တို့သည် ဒီဇင်ဘာလ ၂၂ ရက်က ဒမတ်စကတ်တွင်တွေ့ဆုံခဲ့ပြီး ဒုက္ခသည်များနေရပ်ပြန်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဒေသတွင်းလုံခြုံရေးကိစ္စရပ်များ ဆွေးနွေးခဲ့သည်ဟု ဆီးရီးယားနိုင်ငံပိုင် မီဒီယာဖြစ်သည့် အယ်လ်အီခါဘာရီယာရုပ်သံတွင် ဖော်ပြခဲ့သည်။ အယ်လ်ရှီဘာနီ က တန်ပြန်အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်း စဉ်များ၊ အစ္စလာမ္မစ်စစ်သွေးကြွဟုခေါ်သည့် အိုင်အက်စ်အုပ်စုများ ပြန်လည်ထကြွသောင်းကျန်းလာမှုကို ကာကွယ်ရန် ဆောင်ရွက်ချက်များနှင့် ဆီးရီးယားအရှေ့မြောက်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမြင်ဖလှယ်မှုများကို ဆွေးနွေး ခဲ့သည်ဟု ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဆီးရီးယားအရှေ့မြောက်ပိုင်း ပြန်လည်ပေါင်းစည်းရန် ဆီးရီးယားအစိုးရနှင့် ဆီးရီးယားဒီမိုကရက်တစ်အင်အားစုများကြား ရေးထိုးခဲ့သော မတ်လသဘောတူညီချက်သည် နယ်မြေပေါင်းစည်းရေးကို မြှင့်တင်ရန်နှင့် ယဉ်ကျေးသောပုံစံဖြင့် နယ်မြေစည်းလုံးညီညွတ်ရန် ဆီးရီးယားနိုင်ငံ၏ ဆုံးဖြတ်ချက်ကို ထင်ဟပ်စေသည်ဟု အယ်လ်ရှီဘာနီ က ပြောသည်။ သဘောတူညီချက်ကို အကောင်အထည် ဖော်ရန်နှင့် ကာ့ဒ် ဦးဆောင်သော အက်စ်ဒီအက်ဖ်ပေါင်းစည်းရေးတွင် နှောင့်နှေးကြန့်ကြာမှုများသည် ဒေသတွင်းနှင့် ဒေသခံများအတွက် တရားမျှတမှုမရှိဟု ၎င်းက အလေးအနက် ပြောကြား ခဲ့သည်။ ဆီးရီးယားနိုင်ငံ၏ တည်ငြိမ်ရေးကို ခြိမ်းခြောက်မှုများသည် တူကီယဲနိုင်ငံ၏ လုံခြုံရေးအတွက်လည်း အန္တရာယ် ဖြစ်စေသည်ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။ လုံခြုံရေးနှင့်တည်ငြိမ်ရေးတွင် သိသာထင်ရှားသည့် တိုးတက်မှု များတွေ့မြင်ရကြောင်းနှင့် ဆီဇာအက်ဥပဒေအရ ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းခြင်းသည် ဒေသတွင်းတည်ငြိမ်ရေး ဖော်ဆောင်ရာတွင် အရေးကြီးသောခြေလှမ်းတစ်ရပ်ကို ကိုယ်စားပြုကြောင်း၊ ဆီးရီးယားတွင် များပြားလှသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို လွယ်ကူချောမွေ့စေမည်ဟု မျှော်လင့်ရကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားသည်။ နှစ်ဖက်အဖွဲ့ များသည် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်း၊ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေး ခဲ့ကြသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။