“လွိုင်မွေဒေသမှာ ချယ်ရီပန်းပွဲတော်ကို ကျင်းပမည်”

23 Dec

ချယ်ရီပန်းပွဲတော်ကို ဒီဇင်ဘာလ ၂၄ ရက်မှ ၂၆ ရက်အထိ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ လွိုင်မွေဒေသမှာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသမှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ချယ်ရီပန်းများ ရေရှည်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးအတွက် ချယ်ရီပန်းပွဲတော်(ပဥ္စမအကြိမ်)ကို လွိုင်မွေတောင်စခန်း စတုရဋ္ဌသုမင်္ဂလာစေတီတော် အနီး ချယ်ရီပင်တန်းမှာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ လွိုင်မွေဒေသ ချယ်ရီပန်းပွင့်ချိန်တွင် ပြည်သူများလာရောက်ကြည့်ရှု ဓာတ်ပုံရိုက်လေ့ရှိပြီး လွိုင်မွေဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ယင်းဒေသရှိ ချယ်ရီပန်းများ ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ရည်ရွယ်ကာ ၂၀၂၂ ခုနှစ်မှ စတင်၍ နှစ်စဉ်ဆောင်းရာသီကာလ ချယ်ရီပန်းများပွင့်ချိန် ဒီဇင်ဘာလနှင့် ဇန်နဝါရီလများ အတွင်း ရက်သတ်မှတ်ကာ ချယ်ရီပန်းပွဲတော်ကျင်းပခြင်းဖြစ်ကြောင်း သိရပါတယ်။ ချယ်ရီပန်းပွဲတော်တွင် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ ရှမ်း၊ အာခါ၊ လားဟူ၊ ဝ၊ လီဆူ၊ လွယ်၊ အားခေ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး၊ ဒေသထွက် အမှတ်တရရိုးရာပစ္စည်းအရောင်းဆိုင်များ၊ ဒေသထွက်ဝိုင်များ၊ အစားအစာများ၊ MSME လုပ်ငန်း ဒေသထွက်ကုန် များကို ပြခန်းများဖြင့် ပြသ၊ ရောင်းချပေးခြင်းတို့ပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

23 Dec

ADVERTISE HERE .