ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေး ရုရှားနှင့်တောင်ကိုရီးယား လျှို့ဝှက်ဆွေးနွေးခဲ့မှုအပေါ် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ငြင်းဆို

22 Dec

ရုရှားနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံနှင့် ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေးကိုပင် မဆိုထားနှင့် မြောက်ကိုရီးယား-တောင်ကိုရီးယား ဆက်ဆံရေးအား ထိခိုက်စေနိုင်သည့် မည်သည့်အကြောင်းအရာကိုမဆို ဆွေးနွေး ခဲ့ခြင်းမရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Maria Zakharova က ပြောကြားခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်က ဒီဇင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။  တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့သည် ရုရှားပညာရပ်နယ်ပယ်၏ ဖိတ်ကြား ချက်အရ မော်စကိုမြို့သို့ အလုပ်သဘောခရီးစဉ် လာရောက်ခြင်းဖြစ်ကြောင်း၊ သို့သော် မီဒီယာက ၎င်းခရီးစဉ်ကို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအကြား တရားဝင်တွေ့ဆုံဆွေးနွေးမှုအဖြစ် သိမ်ဖျင်းစွာပုံဖော်လိုက်ကာ ရုရှား-မြောက်ကိုရီးယား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအား ဖျက်ဆီးရန်ကြိုးပမ်းလာကြောင်း Maria Zakharova က ထောက်ပြခဲ့သည်။ ရုရှား-မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ရုရှားဘက်၏ ရပ်တည်ချက်သည် တစ်သမတ်တည်းဖြစ်ပြီး အခြေခံမူခိုင်မြဲကြောင်း၊ နိုင်ငံရေးအကြောင်းအချက်တို့၏ သက်ရောက်မှုခံရခြင်း မရှိဘဲ နှစ်နိုင်ငံရေရှည်မဟာဗျူဟာ အကျိုးစီးပွားအပေါ် အခြေခံကြောင်း Maria Zakharova က အလေးထား ပြောကြား ခဲ့သည်။ ရုရှားဘက်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် လက်မှတ်ရေးထိုးခဲ့သည့် ရုရှား-မြောက်ကိုရီးယား “ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်” အရ မြောက်ကိုရီးယားနှင့်ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်မှုကို ဆက်လက်တွန်းအားပေးဖော်ဆောင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ရုရှား-မြောက်ကိုရီးယား ဆက်ဆံရေးအား ဖျက်ဆီးလိုသည့် မည်သည့်လုပ်ရပ်မဆို အချည်းနှီးသာဖြစ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြား ခဲ့သည်။ Yonhap သတင်းဌာန စသည့် တောင်ကိုရီးယားမီဒီယာများက ထိုနေ့အစောပိုင်းတွင် တောင်ကိုရီးယား သံတမန်ပုဂ္ဂိုလ်၏ ပြောကြားချက်ကို ကိုးကား၍ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေးအား တာဝန်ယူရသော အဆင့်မြင့်အရာရှိသည် လတ်တလောရက်ပိုင်းတွင် မော်စကိုမြို့သို့ လျှို့ဝှက်ခရီးစဉ်သွားရောက်ခဲ့ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေးအား တာဝန်ယူရသည့် အရာရှိများနှင့် တံခါးပိတ်ဆွေးနွေးညှိနှိုင်းမှုလုပ်ဆောင်ကာ ကိုရီးယားကျွန်းဆွယ် နျူကလီးယား အရေးစသည့် မြောက်ကိုရီးယားနှင့်ပတ်သက်သော အရေးကိစ္စများနှင့်စပ်လျဉ်း၍ သဘောထားအမြင်ချင်း ဖလှယ်ခဲ့ ကြသည်ဟု သတင်းဖော်ပြခဲ့သည်။ (Repost from Xinhua Myanmar)

22 Dec

ADVERTISE HERE .