ဖလော်ရီဒါပြည်နယ်၌ အမေရိကန်နှင့်ရုရှား ဆွေးနွေးမှုကလည်း ထိရောက်မှုနှင့် အပြုသဘောဆောင်မှု ကြွယ်ဝကြောင်း အမေရိကန်သမ္မတ၏ အထူးသံတမန် ဆို

22 Dec

ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးအစီအစဉ်အား တွန်းအားပေးရန်အလို့ငှာ အမေရိကန်နှင့် ရုရှားကိုယ်စားလှယ် များသည် လွန်ခဲ့သည့်နှစ်ရက်က အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၌ “ထိရောက်မှုနှင့် အပြုသဘောဆောင်မှု ကြွယ်ဝ” သည့် တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်ခဲ့ကြောင်း အမေရိကန်သမ္မတ၏ အထူးသံတမန် Steve Witkoff က ဒီဇင်ဘာလ ၂၁ ရက်တွင် လူမှုမီဒီယာ၌ ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။ ရုရှားနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုရေးရာအား တာဝန်ယူရသည့် သမ္မတ အထူးကိုယ်စားလှယ် Kirill Dmitriev သည် အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ အဖွဲ့ဝင်များတွင် Steve Witkoff၊ သမ္မတထရမ့်၏ သားမက် Jared Kushner နှင့် အိမ်ဖြူတော်ဝန်ထမ်း Josh Gruenbaum တို့ပါဝင်ကြောင်း ကြေညာချက်တွင် ဆိုထားသည်။ ရုရှားအနေဖြင့် “ယူကရိန်းတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရန် အပြည့်အဝကြိုးပမ်းနေဆဲ” ဖြစ်ပြီး အမေရိကန် ဘက်၏ သက်ဆိုင်ရာကြိုးပမ်းမှုနှင့် ထောက်ခံအားပေးမှုများကို များစွာအလေးထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ထိုနေ့အစောပိုင်းတွင် Steve Witkoff က လူမှုမီဒီယာ၌ ကြေညာချက်ထုတ်ပြန်ရာတွင် “ထိရောက်မှုနှင့် အပြုသဘောဆောင်မှု ကြွယ်ဝသည်” ဟူသော စကားလုံးဖြင့်ပင် အမေရိကန်နှင့် ယူကရိန်း၊ ဥရောပနိုင်ငံများက လွန်ခဲ့သည့် ၃ ရက်အတွင်း ဖလော်ရီဒါပြည်နယ်၌ တွေ့ဆုံဆွေးနွေးမှုကို ဖော်ပြခဲ့သည်။ ယူကရိန်းဘက် ဆွေးနွေး ညှိနှိုင်းမှု ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ယူကရိန်းအမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အတွင်းရေးမှူး Rustem Umerov ကလည်း လူမှုမီဒီယာ၌ အဆိုပါအကြောင်းအရာနှင့် အလားတူနီးပါးဖြစ်သည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Repost from Xinhua Myanmar)

22 Dec

ADVERTISE HERE .