သတ်မှတ်နေရာအားလုံးနီးပါးကို စစ်တပ်က ထိန်းချုပ်ထားလိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် ပြောကြား
22 Dec
ထိုင်းတပ်ဖွဲ့များက သတ်မှတ်နေရာအားလုံးနီးပါးကို ထိန်းချုပ်ထားပြီးဖြစ်ကြောင်းနှင့် လက်ရှိတွင် ကမ္ဘောဒီးယားတပ်ဖွဲ့များကို ရုပ်သိမ်းရန်တောင်းဆိုထားကြောင်း၊ ယင်းနေရာကို တိုက်ပွဲအသစ်ဖြစ်ပွားမှုများမှ ကာကွယ်ရန် အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ် က ဒီဇင်ဘာလ ၂၁ ရက်က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံသည် မည်သည့်သဘောတူညီချက်များနှင့် မည်သည့်ကျူးကျော်မှုကိုမျှ ချိုးဖောက်ခြင်းမရှိကြောင်း နှင့် လုပ်ဆောင်ခဲ့သမျှ အရာအားလုံးသည် နိုင်ငံ၏အချုပ်အခြာအာဏာနှင့် လုံခြုံရေးအတွက်သာ ရည်ရွယ်ခြင်း ဖြစ်ကြောင်း အလေးထားပြောကြားလျက် ၎င်းအနေဖြင့် ဒီဇင်ဘာလ ၂၂ ရက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး၌ ထိုင်းနိုင်ငံ၏ရပ်တည်ချက်ကို ရှင်းလင်းပြောကြားရန် နိုင်ငံခြားရေးဝန်ကြီးဌာနကို ညွှန်ကြား ထားကြောင်း စူရင်းပြည်နယ်၌ ထိုင်းမီဒီယာနှင့် အင်တာဗျူးတွင် အနူတင်က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံက နိုင်ငံတကာဥပဒေစည်းမျဉ်းများကို အပြောင်းအလဲမရှိ လိုက်နာစောင့်ထိန်းလျက်ရှိကြောင်းနှင့် ပဋိပက္ခ ထပ်မံအရှိန်မြင့်တက်ခြင်းမရှိသော အခြေအနေကို ထိန်းသိမ်းရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ နောက်ဆုံးဖြစ်ပွားလျက်ရှိသော ထိုင်း-ကမ္ဘောဒီးယားပဋိပက္ခကြောင့် ထိုင်းအရပ်သားပြည်သူ ၃၄ ဦး သေဆုံး ခဲ့ကြောင်း၊ နယ်စပ်တိုက်ပွဲပြင်းထန်မှုမှာလည်း ဖြည်းဖြည်းချင်းအရှိန်လျော့ကျလာပြီဖြစ်ပြီး ဒေသအချို့ရှိ နေထိုင်သူ များမှာလည်း နေအိမ်များသို့ စတင်ပြန်လည်သွားရောက်နေကြပြီဖြစ်ကာ ဒုက္ခသည်စခန်းအရေအတွက်လည်း လျော့နည်းလာပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Surasant Kongsiri က ဒီဇင်ဘာလ ၂၁ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ထိုင်းမီဒီယာသတင်းဖော်ပြမှုများအရ ကမ္ဘောဒီးယားတပ်ဖွဲ့များသည် ဒီဇင်ဘာလ ၂၁ ရက် မွန်းလွဲပိုင်း၌ ထိုင်းနိုင်ငံ Sa Kaeo ပြည်နယ်ရှိ နယ်စပ်ဧရိယာများကို အမြောက်များဖြင့် ပစ်ခတ်နေဆဲဖြစ်ရာ ဒေသခံများအနေဖြင့် ဘေးကင်းသောနေရာများသို့ ရွှေ့ပြောင်းကြရန် အာရန်ယာပရာသက်ခရိုင်ရှိ အာဏာပိုင်များက အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့ရကြောင်းသိရသည်။ ထို့ပြင် ထရတ်ပြည်နယ် ဘန်နွန်ရီဧရိယာတွင် မစ်ရှင်ဆောင်ရွက်နေစဉ် မြေမြှုပ်မိုင်းနင်းမိခြင်းကြောင့် ရေတပ် စစ်သည်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းတော်ဝင်ရေတပ် ပြောခွင့်ရပုဂ္ဂိုလ်က ဒီဇင်ဘာလ ၂၁ ရက်၌ ပြောခဲ့သည်။ ယင်းဖြစ်ရပ်မှာ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အဆိုပါဧရိယာတွင် မြေမြှုပ်မိုင်းများ ဆက်လက်အသုံးပြုနေဆဲ ဖြစ်သည်ကို ညွှန်ပြနေကြောင်းနှင့် နိုင်ငံတကာဥပဒေကို ဆိုးဝါးစွာချိုးဖောက်လျက်ရှိကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က အလေးထားပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)