“ဂျပန်နိုင်ငံ၏နျူကလီးယားပိုင်ဆိုင်ရေးကြိုးပမ်းမှုသည် နိုင်ငံအတွက်အကျိုးရှိမည်မဟုတ်ဟု ဝန်ကြီးချုပ် ဟောင်းပြော”

22 Dec

ဂျပန်နိုင်ငံက နျူကလီးယားလက်နက်များကိုပိုင်ဆိုင်ရန် ကြိုးပမ်းခြင်းသည် နိုင်ငံအတွက် မည်သည့်အခါမျှ အကျိုးဖြစ်ထွန်းစေမည်မဟုတ်ကြောင်း ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှီဂဲရုအီရှီဘာကပြောသည်။ လက်ရှိဝန်ကြီးချုပ် ဆာနာအီတာကာအီချီ ဦးဆောင်သောအစိုးရအဖွဲ့အတွင်းမှ လုံခြုံရေးမူဝါဒဆိုင်ရာအဆင့်မြင့်အရာရှိတစ်ဦး၏ “ဂျပန် နိုင်ငံသည်နျူကလီးယားလက်နက်ပိုင်ဆိုင်သင့်သည်” ဟူသောအငြင်းပွားဖွယ်ပြောဆိုချက်အပေါ် ဝန်ကြီးချုပ်ဟောင်း က တိုက်ရိုက်တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ ၎င်းက ရုပ်သံအစီအစဉ်တစ်ခုတွင်ပြောရာ၌ “အကယ်၍ ဂျပန်ကနျူကလီးယားလက်နက်ပိုင်ဆိုင်ဖို့ လုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့ဟာ နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ်နဲ့ အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင်အေဂျင်စီတို့ကနေ မဖြစ်မနေ နုတ်ထွက်ရလိမ့်မယ်”ဟု ထောက်ပြခဲ့ခြင်း ဖြစ်သည်။ ထိုသို့နုတ်ထွက်ရလျှင် ဂျပန်၏စွမ်းအင်လိုအပ်ချက်ကို အဓိကအထောက်အပံ့ပေးနေသည့် လက်ရှိနျူကလီးယားစွမ်းအင်ဆိုင်ရာမူဝါဒ များ မှာ ရှေ့ဆက်၍မဖြစ်နိုင်တော့ဘဲရပ်ဆိုင်းသွားမည့်အန္တရာယ်ရှိကြောင်း၊ ထို့ကြောင့်နျူကလီးယားလက်နက် ပိုင်ဆိုင် ခြင်းသည် ဂျပန်အတွက် မည်သည့်နည်းနှင့်မျှအကျိုးကျေးဇူးရှိမည်မဟုတ်ကြောင်း ရှီဂဲရုအီရှီဘာက အလေးပေး ပြောထားသည်ဟု ဆင်ဟွာသတင်းဌာနမှ ဖော်ပြခဲ့သည်။

22 Dec

ADVERTISE HERE .