“AI နည်းပညာနဲ့ ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန် ဆွေးနွေး”
22 Dec
AI နည်းပညာကိုအကျိုးရှိစွာပေါင်းစပ်၍ ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာများမှာ အသုံးပြုနိုင်ရန် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် Huawei မှတာဝန်ရှိသူများ ဆွေးနွေးခဲ့ကြပါတယ်။ AI နည်းပညာနဲ့စောင့်ကြည့်ခြင်း၊ ကာကွယ်ခြင်းများကို နိုင်ငံတကာဘဏ်လုပ်ငန်းကဏ္ဍများအတွက် ပံ့ပိုး ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဒီဇင်ဘာလ ၂၀ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှာကျင်းပတဲ့ “အွန်လိုင်းလိမ်လည်မှုနှင့် ငွေကြေးဆိုင်ရာရာဇဝတ်မှုများကို တားဆီးကာကွယ်ရေးမှာ AI အခန်းကဏ္ဍဆိုင်ရာ” ဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါတယ်။ အခုဆွေးနွေးပွဲမှာ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲများကိုဖြေရှင်းရန် လုပ်ဆောင်သင့်သောကိစ္စများ၊ AIနည်းပညာကို အကျိုးရှိစွာပေါင်းစပ်အသုံးပြုပြီး ဖွံ့ဖြိုးပြီးနိုင်ငံများမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာသကဲ့သို့ မြန်မာနိုင်ငံမှာလည်း ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးအန္တရာယ်များမှာ ထိရောက်စွာ အသုံးပြုနိုင်ရန်တို့ကို ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါဆွေးနွေးပွဲမှာ ဗဟိုဘဏ်ဥက္ကဋ္ဌမှ ဗဟိုဘဏ်အနေဖြင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများမှာ နည်းပညာပိုင်းအသုံးပြုပြီး ငွေကြေးလိမ်လည်မှုများမှာ သက်ဆိုင်ရာဆက်စပ် အဖွဲ့စည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကို တိုက်ဖျက်ရေး ကြီးကြပ်ရေး ဗဟိုကော်မတီတွင်အဖွဲ့ဝင်အဖြစ်ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့ပါတယ်။ ဒါကြောင့် AI နည်းပညာနဲ့ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ရာဇဝတ်မှုများကို တိကျစွာ ထောက်လှမ်းခြင်း၊ ကြိုတင် ကာကွယ် တားဆီးခြင်း၊ စောင့်ကြည့်ခြင်း၊ စစ်ဆေးဖော်ထုတ်အရေးယူခြင်းများကို နည်းပညာအသုံးပြုပြီး အကျိုးရှိစွာ အသုံးချ နိုင်ရေးဆွေးနွေးရန်လည်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။ (NVS 004)