“တရားဝင်လုပ်ကိုင်နေသောလုပ်ငန်းများကို အထောက်အထားမရှိ ကန့်ကွက်ပါက အရေးယူမည်”
22 Dec
နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှာ တရားဝင်လုပ်ကိုင်ခွင့်ပြုထားသောလုပ်ငန်း များကို အထောက်အထားမရှိဘဲကန့်ကွက်ပါက ဥပဒေအရအရေးယူသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးမှ အမိန့်ကြော်ငြာစာအမှတ် ၂၁၄/ ၂၀၂၅ ဖြင့် ဒီဇင်ဘာလ ၁၆ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် နေပြည်တော်ကောင်စီတို့ရဲ့ အခွင့်အာဏာအရလုပ်ကိုင်ခွင့်ပြုတဲ့လုပ်ငန်းများ၊ စာချုပ်စာတမ်း မှတ်ပုံတင်ခြင်းလုပ်ငန်းများ၊ လုပ်ကိုင်ခွင့်ရရှိသောကုမ္ပဏီ၊ အဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်သော ကိစ္စများကို အထောက်အထားခိုင်လုံမှုမရှိ၊ ပတ်သက်ဆက်နွှယ်မှုမရှိဘဲ ကန့်ကွက်ခြင်းများဖြစ်ပေါ်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ အခုလိုကန့်ကွက်ခြင်းများက လုပ်ငန်းများကို နှောင့်နှေးကြန့်ကြာစေခြင်း၊ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းကို အဟန့်အတားဖြစ်စေခြင်း၊ မလိုလားအပ်တဲ့ အဂတိလိုက်စားမှုများ ဖြစ်ပေါ်စေခြင်းတို့ကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များကို ထိခိုက်နှောင့်နှေးစေနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထား ပါတယ်။ဒါကြောင့် ပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းတစ်ခုခုမှ အထောက်အထားခိုင်လုံမှုမရှိဘဲ လုပ်ငန်းအနှောင့်အယှက် ဖြစ်စေရန်၊ မတရားအကျိုးအမြတ် တစ်စုံတစ်ရာရယူရန်တို့အတွက် ကန့်ကွက်ခြင်းဖြစ်ကြောင်းစိစစ်ပေါ်ပေါက်ပါက ကန့်ကွက်သူများကို တည်ဆဲဥပဒေနှင့်အညီအရေးယူသွားမည်လို့ ထုတ်ပြန်ခဲ့ပါတယ်။ လုပ်ငန်းလုပ်ကိုင်နေသူများ၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းအနေဖြင့်လည်း အထောက်အထားမရှိဘဲ၊ ပတ်သက်ဆက်နွှယ်မှုမရှိဘဲ ကန့်ကွက်မှုများကို ထည့်သွင်းစဉ်းစားသုံးသပ်ရန် မလိုအပ်ဘဲ သက်ဆိုင်ရာလုပ်ငန်း များကိုခွင့်ပြုခြင်း၊ ဆက်လက်ဆောင်ရွက်စေခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ကာ သက်ဆိုင်ရာလုပ်ငန်းများကို ဆိုင်းငံ့ ထားခြင်းမပြုဘဲ ဆက်လက်ဆောင်ရွက်စေရမယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ (NVS 004)