“ရေတိုက်စားကမ်းပြိုခဲ့တဲ့ ဆွာချောင်းတံတားကို ပြုပြင်ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်”
22 Dec
တောင်တရုတ်ပင်လယ်ပြင်မှ ဝင်ရောက်ခဲ့သော မုန်တိုင်းမိုးများကြောင့် ဆွာချောင်းတံတား၏ ရန်ကုန်ဘက်ခြမ်း ကမ်းကပ်ခုံရေတိုက်စားပျက်စီးခဲ့တဲ့ဖြစ်စဉ်ကြောင့် ရေတိုက်စားကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ပြီးစီးသွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါလုပ်ငန်းများဆောင်ရွက်ရန် နိုင်ငံတော်ယာယီသမ္မတက ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ခရီးစဉ်မှာ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်ဆွာချောင်းရေတိုက်စားမှုကာကွယ်ရန်နှင့် တံတား အဝင်ရေလမ်းကောင်းမွန်စေရန်တို့အတွက် Gabion Box ကျောက်ဖြည့်မြေထိန်းနံရံ အလျားပေ ၁,၃၅၀၊ Steel Basket ရေကာအလျားပေ ၉၀၀ နှင့် သုံးတန်းသွား မျောတိုင်တန်းရေကာ အလျားပေ ၁၅၀ (၆) ခုတည်ဆောက်ခြင်း လုပ်ငန်းများကို ဩဂုတ်လ ၈ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိလုပ်ငန်းက ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးခဲ့ပြီဖြစ်ကာ လုပ်ငန်းဆောင်ရွက်မှုကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အထွေထွေပိုလျှံရန်ပုံငွေ(GRF)နဲ့ဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ (NVS 004)