ကျိုက်ထီးရိုစေတီတော်သို့ ဘုရားဖူးပြည်သူ လေးသိန်းကျော် လာရောက်ဖူးမြော်
21 Dec
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ အောက်တိုဘာလ တတိယပတ်မှ ဒီဇင်ဘာလ ၁၆ ရက်အထိ ဘုရားဖူးပြည်သူ လေးသိန်းကျော်ဝင်ရောက်ခဲ့ကြောင်း ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ထံမှ သိရပါတယ်။ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ခုနစ်လတာ ကျင်းပလေ့ရှိပါတယ်။ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ဘုရားဖူးပြည်သူ ၄,၀၀၀ မှ ၅,၀၀၀ အထိ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး ပိတ်ရက်များတွင် သောင်းဂဏန်းဝန်းကျင် လာရောက်လျက်ရှိပါတယ်။ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဘုရားပွဲတော်ကာလအတွင်း ဘုရားဖူးလာသူများ အဆင်ပြေစေရန် တောင်တက်မော်တော်ယာဉ် ၁၅၂ စီးဖြင့် ပြေးဆွဲပေးနေပါတယ်။ ပြီးခဲ့တဲ့နှစ် သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ဘုရားပွဲတော် ခုနှစ်လတာအတွင်း ပြည်တွင်း၊ ပြည်ပဘုရားဖူးဧည့်သည် ဦးရေ ၇၂၂,၀၀၀ ကျော်အထိ လာရောက်ဖူးမြော်ခဲ့ကာ ပွဲတော်ကာလပြီးဆုံးသွားသော်လည်း ဘုရားဖူးမြော်ခွင့်ကို ဆက်လက်ခွင့်ပြုပေးထားပြီး ဘုရားဖူးဧည့်သည်များအတွက် သွားလာရေး၊ စားသောက်ရေး၊ တည်းခိုနေထိုင်ရေး၊ လုံခြုံရေးနှင့် ကျန်းမာရေးစသည်ဖြင့် အစစအရာရာ အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။(NVS 004)