မလေးရှားနိုင်ငံသမိုင်းတွင် အကြီးမားဆုံးအဖြစ် ဒေါ်လာ ၃၇၅ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

21 Dec

မလေးရှားနိုင်ငံရဲတပ်ဖွဲ့သည် ကလန်းတောင်ကြားဒေသ၌ ဝင်ရောက်စီးနင်းမှုများလုပ်ဆောင်ပြီး နိုင်ငံ၏ သမိုင်းတွင် အကြီးမားဆုံးသော မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့သည်။ ထိုစီးနင်းမှုအတွင်း ကာလ ပေါက်ဈေး အမေရိကန်ဒေါ်လာ ၃၇၅ သန်းခန့်တန်ဖိုးရှိပြီး စုစုပေါင်းအလေးချိန် ကီလိုဂရမ် ၁၈,၀၀၀ ကျော်ရှိသည့် မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၂၀ ရက်တွင်ထုတ်ပြန်ခဲ့သည်။ ဒီဇင်ဘာလ ၁၆ ရက်တွင် ပြုလုပ်သည့် စစ်ဆင်ရေးအတွင်း သုံးထပ်တိုက်တစ်ခု၌ ဖွင့်လှစ်ထားသော ဧရာမမူးယစ်ဆေးဝါးချက်စက်ရုံနှင့် သိုလှောင်ရုံတို့ကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ သိမ်းဆည်းရမိသည့် ဆေးဝါး များတွင် ကက်တမင်း(Ketamine) ၁၄,၄၉၃ ကီလိုဂရမ်၊ ကိုကင်း(Cocaine) ၄,၀၄၁ ကီလိုဂရမ်နှင့် စိတ်ကြွ ဆေးပြား(Ecstasy) ၃ ကီလိုဂရမ်တို့ပါဝင်ကြောင်း ဘူကစ်အမန် မူးယစ်ဆေးဝါးနှိမ်နင်းရေးဌာန(NCID)က ထုတ်ပြန်ထားသည်။ အဆိုပါ မူးယစ်ဆေးဝါးပမာဏသည် သုံးစွဲသူပေါင်း ၆၈ သန်းခွဲခန့်ဆီ ဖြန့်ဖြူးနိုင်သည့်ပမာဏဖြစ်သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၂၄ နှစ်မှ ၃၉ နှစ်အတွင်းရှိ မလေးရှားနိုင်ငံသားသုံးဦးနှင့် နိုင်ငံခြားသူ အမျိုးသမီးသုံးဦး စုစုပေါင်းခြောက်ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ပြစ်မှုထင်ရှားပါက သေဒဏ် သို့မဟုတ် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင်ကြောင်းသိရသည်။

21 Dec

ADVERTISE HERE .