ဒါကာမြို့၌ ဘင်္ဂလားဒေ့ရှ်အစိုးရ လုံခြုံရေး မြှင့်တင်ထား
21 Decလုပ်ကြံမှုကြောင့်သေဆုံးခဲ့သည့် လူငယ်နိုင်ငံရေးခေါင်းဆောင် ရှာရစ်ဖ် အိုစမန်ဟာဒီ ၏ ဈာပနအခမ်းအနား မတိုင်မီ ဒီဇင်ဘာလ ၂၀ ရက်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရက ပြည်တွင်းလုံခြုံရေးကို တင်းကျပ်ထားပြီး ဒါကာမြို့၌ ရဲတပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ထားကြောင်း Xinhua သတင်းဌာနက ဖော်ပြ ထားသည်။ လူငယ်နိုင်ငံရေးခေါင်းဆောင် အိုစမန်ဟာဒီ သည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း လက်နက်ကိုင် တစ်စု၏ ပစ်ခတ်လုပ်ကြံမှုခံ ခဲ့ရပြီးနောက် ဒီဇင်ဘာလ ၁၈ ရက်တွင် ရရှိထားသော သေနတ်ဒဏ်ရာဖြင့် သေဆုံး ခဲ့ရသည်။ ၎င်းသေဆုံးပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း၌ ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး ဒါကာမြို့ရှိ သတင်းစာတိုက် နှစ်တိုက် ဖျက်ဆီးခံခဲ့ရသည်။ ပြည်သူများအနေဖြင့် အကြမ်းဖက်မှုများကို လက်မခံကြရန် ဘင်္ဂလားဒေ့ရှ် အိမ်စောင့်အစိုးရက ဒီဇင်ဘာလ ၁၉ ရက်တွင် တိုက်တွန်းထားသည်။ အမျိုးသားရွေးကောက်ပွဲများကျင်းပရန် နှစ်လကျော်အလိုတွင် အိုစမန်ဟာဒီ သေဆုံးမှုနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် အိမ်စောင့်အစိုးရသည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် အမျိုးသားရွေးကောက်ပွဲများကျင်းပရန် စီစဉ်ထားကြောင်းသိရသည်။