ရုရှားလုပ် အော်ရက်ရှ်နစ်ခ် ဒုံးကျည်များဖြန့်ကြက်မှု ဘယ်လာရုစ်သမ္မတ လူကာရှန်ကို အတည်ပြု
20 Dec
ရုရှားနိုင်ငံလုပ် အော်ရက်ရှ်နစ်ခ် ဒုံးကျည်စနစ်များကို ဘယ်လာရုစ်နယ်မြေအတွင်း ဖြန့်ကြက်ထားပြီး တိုက်ပွဲဝင်မည့်အနေအထား ရောက်ရှိနေပြီဟု ဘယ်လာရုစ် သမ္မတ လူကာရှန်ကို က ဒီဇင်ဘာလ ၁၈ ရက်တွင် အတည်ပြုပြောကြားခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ မင့်စ်မြို့၌ ဒီဇင်ဘာလ ၁၈ ရက်တွင်ကျင်းပခဲ့သည့် ဘယ်လာရုစ်ပြည်သူ့ညီလာခံ၌ အော်ရက်ရှ်နစ်ခ် ဒုံးကျည်စနစ်များ ဖြန့်ကြက်ထားမှုကို ဘယ်လာရုစ်သမ္မတက အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။ ရုရှားလုပ် အော်ရက်ရှ်နစ်ခ် ဒုံးကျည်စနစ်များ ဖြန့်ကြက်မှုကို ယခုနှစ်ကုန်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ဘယ်လာရုစ်သမ္မတ လူကာရှန်ကို က ယခုနှစ် ဇူလိုင်လကပင် ပြောကြားထားပြီးဖြစ်သည်။ အော်ရက်ရှ်နစ်ခ် ဒုံးကျည်များသည် တစ်နာရီလျှင် ကီလိုမီတာ ၅,၅၀၀ အမြန်နှုန်းဖြင့် ပျံသန်းနိုင်သည့် အသံထက်မြန်နှုန်းလွန် ဟိုက်ပါဆိုးနစ် ဒုံးကျည်အမျိုးအစားဖြစ်သည်။ ရုရှားနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း ယူကရိန်းနိုင်ငံ၊ ဒီနီပရိုဒေသရှိ လက်နက်စက်ရုံကို တိုက်ခိုက်ရာတွင် ပထမဆုံးအကြိမ်အဖြစ် အသုံးပြုခဲ့သည်။ ရုရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့သည် ဘယ်လာရုစ်၌ အော်ရက်ရှ်နစ်ခ် ဒုံးကျည်စနစ်များ ဖြန့်ကြက်ရေး သဘောတူညီချက်ကို ယခုနှစ်ဇူလိုင်လအတွင်း ရယူခဲ့ကြောင်းသိရသည်။