ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီးနယ်မြေ)၏ (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ်ဖွင့်ပွဲသို့ နိုင်ငံတော် ဝန်ကြီးချုပ်တက်ရောက်ခဲ့

19 Dec

ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီးနယ်မြေ)၏ (၂၅)နှစ်မြောက် ငွေရတု အထိမ်း အမှတ် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၈ ရက်နံနက်ပိုင်းကကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက် ခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်က ရန်ကုန်စီးပွားရေးတက္ကသိုလ်(၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ် ကမ္ဗည်းကျောက်စာကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီးနောက် ငွေရတုအထိမ်းအမှတ် ကံ့ကော်ပင်ကို စိုက်ပျိုးပေးခဲ့ကာ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးတင်အောင်စန်း၊ ဒေါက်တာကံဇော်၊ ဒေါက်တာချောချောစိန်၊ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်တင်ထွေးတို့မှလည်း ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖော်ဆောင်ပေးနိုင်ရန် စီးပွားရေးပညာရှင်များ၏ကဏ္ဍသည် အဓိကအရေးကြီး၍ တက္ကသိုလ်များတွင် မျိုးဆက်သစ်လူငယ်များကိုမှန်ကန်သည့် အသက်မွေးဝမ်းကျောင်း အသိပညာ၊ အတတ်ပညာများ လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်း၊ ဒါအပြင် “နိုင်ငံ၏စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ် ဖြစ်သည်”ဆိုသည့် ပြဋ္ဌာန်းချက်နှင့်အညီ အစိုးရနှင့်ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုဖြင့် ဈေးကွက်ဖွံ့ဖြိုးရေး၊ ဈေးကွက် သစ်များရရှိရေး၊ ဈေးကွက် ချဲ့ထွင်ရေးတို့ကို တိုးချဲ့ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီ့နောက် နိုင်ငံတော်ဝန်ကြီးချုပ်က ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် အမျိုးသားယဉ်ကျေးမှုတက္ကသိုလ်တို့မှ ကျောင်းသူများ၏ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး အကအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ပြီး ငွေရတုအထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် ပြခန်းများကိုကြည့်ရှုခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ တက္ကသိုလ်ကျောင်းသား၊ကျောင်းသူဟောင်းများပူးပေါင်း၍ အလုပ်အကိုင်အခွင့်အလမ်းပြပွဲများ၊ ဆွေးနွေးပွဲများ၊ သုတေသနပိုစတာပြိုင်ပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများကို ထည့်သွင်းပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ (NVS 004)

19 Dec

ADVERTISE HERE .