“လာမည့်ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် ယန်း ၉ ထရီလီယံကျော် အသုံးပြုရန် ဂျပန်မျှော်မှန်း”
18 Dec
ဂျပန်အစိုးရသည် လာမည့်ဘဏ္ဍာနှစ်အတွက် စံချိန်တင်များပြားသည့် ကာကွယ်ရေးအသုံးစရိတ်ကို ယန်း ၉ ထရီလီယံကျော်၊ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၅၈ ဒသမ ၁၂ ဘီလီယံခန့် တောင်းခံရန် စီစဉ်လျက် ရှိသည်။ ယခုတောင်းခံမည့် ကာကွယ်ရေးအသုံးစရိတ်သည် ဂျပန်နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရန် လိုအပ်သောပမာဏဖြစ်ပြီး ဒရုန်းအခြေစိုက် ကမ်းရိုးတန်းကာကွယ်ရေးစနစ်နှင့် တန်ပြန်တိုက်ခိုက်ရေးစွမ်းရည် စနစ်များ ပါဝင်မည်ဖြစ်သည်။ လက်ရှိကာကွယ်ရေးတည်ဆောက်မှု အစီအစဉ်အရ ဂျပန်အစိုးရသည် ၂၀၂၃ ခုနှစ် နှင့် ၂၀၂၇ ခုနှစ် ဘဏ္ဍာရေးနှစ်ကြား ယန်း ၄၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၇၇ ဒသမ ၆၇ ဘီလီယံခန့်) သုံးစွဲရန် စီစဉ်ထားသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်တပ်ဖွဲ့ ပြန်လည်ပြောင်းလဲမှုနှင့် ဆက်စပ်အသုံးစရိတ်များအပါအဝင် ၎င်း၏ ၂၀၂၆ ဘဏ္ဍာရေးနှစ် အတွက် ကာကွယ်ရေးအသုံးစရိတ် စာရင်းပြုစုမှုသည် နောက်ဆုံးအဆင့်ထိ ရောက်နေပြီဖြစ်ကြောင်း ပြောကြား လိုက်သည်။ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ရန်သူ့လက်နက်များ အလှမ်းမမီနိုင်သည့် အကွာအဝေးပြင်ပမှ ပစ်မှတ်များကို တိုက်ခိုက်နိုင်သည့် ကာကွယ်ရေးစွမ်းရည်တစ်မျိုးကို မြှင့်တင်ရန် စီစဉ်ထားသည်။ အဆင့်မြှင့်တင် ထားသည့် ပြည်တွင်းထုတ် Type-12 မြေပြင်မှ သင်္ဘောပစ်ဒုံးကျည်များ ဝယ်ယူရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၄ ဘီလီယံခန့် လျာထားသည်။ နောက်ထပ် အမေရိကန်ဒေါ်လာ ၁၉၃ ဒသမ ၇၂ သန်းကို အသံထက်မြန်သော လက်နက်များဝယ်ယူရန် ခွဲဝေသတ်မှတ်ထားသည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။