“ဘက်ထရီလျှပ်စစ်စက်ခေါင်းအသုံးပြုပြီး ပြင်ဦးလွင်-ဇီးပင်ကြီး-ပြင်ဦးလွင် ရထားခရီးစဉ် ပြေးဆွဲပေးမည်”
18 Decဒီဇင်ဘာလ ၁၉ ရက်မှစတင်၍ အပတ်စဉ် စနေ၊ တနင်္ဂနွေရက်များမှာ ဇီးပင်ကြီး-ပြင်ဦးလွင်-ဇီးပင်ကြီး ခရီးစဉ် ကို ဘက်ထရီလျှပ်စစ်စက်ခေါင်း(BEL) အသုံးပြုပြီး အမှတ်(၁၃၁)အဆန် ဇီးပင်ကြီး-ပြင်ဦးလွင်၊ အမှတ်(၁၃၂) အစုန် ပြင်ဦးလွင်-ဇီးပင်ကြီးရထားခရီးစဉ်နှင့် RBE ရထားဖြင့် ဂုတ်ထိပ်(၁) ပြင်ဦးလွင်-ဂုတ်ထိပ်၊ ဂုတ်ထိပ်(၂) ဂုတ်ထိပ်- ပြင်ဦးလွင် ရထားခရီးစဉ်များကို ပြေးဆွဲပေးသွားမှာဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားကနေ သိရပါတယ်။ ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် ပြေးဆွဲမည့် အမှတ်(၁၃၁)အဆန်ရထားသည် ဇီးပင်ကြီးဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ ပြင်ဦးလွင်ဘူတာသို့ နံနက် ၇ နာရီခွဲတွင် ဆိုက်ရောက်မှာဖြစ်ပါတယ်။ ဂုတ်ထိပ်(၁) RBE ရထားသည် ပြင်ဦးလွင်ဘူတာမှ နံနက် ၈ နာရီတွင်ထွက်ခွာ၍ ဂုတ်ထိပ်ဘူတာသို့ နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိ ရပ်နားပြီး ဂုတ်ထိပ်(၂) RBE ရထားက ဂုတ်ထိပ်ဘူတာမှ မွန်းလွဲ ၁၂ နာရီခွဲမှာ ပြန်လည်ထွက်ခွာ၍ ပြင်ဦးလွင်ဘူတာသို့ ညနေ ၄ နာရီတွင် ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။ ပြင်ဦးလွင်မှ ဇီးပင်ကြီးသို့ ဆက်လက်လိုက်ပါလိုတဲ့ ခရီးသည်များ အနေနဲ့ ပြင်ဦးလွင်ဘူတာမှ ညနေ ၄ နာရီ ၁၅ မိနစ်တွင် စတင်ထွက်ခွာမည့် အမှတ်(၁၃၂)အစုန် BEL ရထားနဲ့ ဆက်လက်လိုက်ပါနိုင်ပြီး ဇီးပင်ကြီးသို့ ညနေ ၆ နာရီတွင် ဆိုက်ရောက်မှာဖြစ်ပါတယ်။ ဇီးပင်ကြီး-ပြင်ဦးလွင်၊ ပြင်ဦးလွင်-ဇီးပင်ကြီး BEL ရထားခရီးစဉ်တွင် အထက်တန်းလူစီးတွဲ(၁)တွဲ၊ ရိုးရိုးတန်း လူစီးတွဲ(၂)တွဲနှင့် ဘရိတ်တွဲ(၁)တွဲပါရှိပြီး လက်မှတ်ခနှုန်းထားမှာ ဇီးပင်ကြီးမှ ပြင်ဦးလွင်အထိ ရိုးရိုးတန်း ကျပ် ၅,၀၀၀ နှင့် အထက်တန်း ကျပ် ၁၀,၀၀၀၊ ပြင်ဦးလွင်-ဂုတ်ထိပ်၊ ဂုတ်ထိပ်-ပြင်ဦးလွင် RBE ရထားခရီးစဉ်တွင် ခရီးသည် ၄၀ ဦး လိုက်ပါစီးနင်းနိုင်မှာဖြစ်ပြီး လက်မှတ်နှုန်းထားမှာ ပြင်ဦးလွင်မှ ဂုတ်ထိပ်အထိ ၁၅,၀၀၀ ကျပ်ဖြစ်ပြီး လမ်းခရီးတွင် ပွဲကောက်၊ ဝက်ဝံ၊ ဆမ်ဆယ်၊ နောင်ချို ဘူတာများနှင့် ပြင်ဦးလွင်-ဇီးပင်ကြီးခရီးစဉ်၌ အနီးစခန်းနှင့် သုံးတောင် ဘူတာ တို့တွင် ရပ်တန့်ပေးမှာဖြစ်ပါတယ်။ အဆိုပါ ပြင်ဦးလွင်-ဂုတ်ထိပ်အသွား/အပြန် ခရီးစဉ်အတွက် ခရီးသွားကုမ္ပဏီများ(Tour Company)၊ ခရီးသွား အေဂျင်စီများ၊ Private School အနေနဲ့ RBE ရထား(တစ်စင်းလုံး)ကို ငှားရမ်းလိုပါက ၂၄ ဦး လိုက်ပါစီးနင်းနိုင်ပြီး အသွား/အပြန် ခရီးစဉ်အတွက် တစ်ဦးကို ငွေကျပ် ၃၀,၀၀၀ နှုန်းနဲ့ စုစုပေါင်း ကျပ် ခုနစ်သိန်းနှစ်သောင်း ကျသင့်မှာ ဖြစ်ကြောင်း မြန်မာ့မီးရထားကနေ သိရပါတယ်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားက မန္တလေး-လားရှိုးလမ်းပိုင်းရှိ ဇီးပင်ကြီး-ပြင်ဦးလွင်-ဂုတ်ထိပ်လမ်းပိုင်းမှာ ပြည်တွင်းမှ ခရီးသွားလာမည့်ပြည်သူများ၊ နိုင်ငံခြားသားခရီးသွားလာသူများအနေနဲ့ သမိုင်းဝင်ဂုတ်ထိပ်တံတားကြီးကို လေ့လာကြည့်ရှုနိုင်ရန်၊ ရေမြေတောတောင် သဘာဝရှုခင်းများ လေ့လာကြည့်ရှု နိုင်ရန်၊ ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ဒေသန္တရဗဟုသုတများ ရရှိ စေရန်ရည်ရွယ်ကာ ပြေးဆွဲပေးသွားခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 004)