“The Best FIFA အကောင်းဆုံးဆုများကို အူစမန်ဒမ်ဘီလီ နဲ့ ဘွန်မာတီ တို့ ဆွတ်ခူး”

17 Dec

၂၀၂၅ The Best FIFA အကောင်းဆုံးဆုများကို PSG အသင်းက ပြင်သစ်တိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီ နဲ့ ဘာစီလိုနာအသင်းက စပိန်ကွင်းလယ်လူ ဘွန်မာတီ တို့က ဆွတ်ခူးရရှိခဲ့ပါတယ်။ နှစ်ဦးစလုံးဟာ ပြီးခဲ့တဲ့စက်တင်ဘာလက Ballon d'Or ဆုကိုလည်း ဆွတ်ခူးထားခဲ့ကြပါတယ်။ အူစမန်ဒမ်ဘီလီ က အမျိုးသားအကောင်းဆုံးဆုကို ပထမဆုံးအကြိမ် ရရှိခဲ့တာဖြစ်ပြီး ဘွန်မာတီကတော့ သုံးနှစ်ဆက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အမျိုးသားအခြားအကောင်းဆုံးဆုများအနက် နည်းပြဆုကို PSG အသင်းနည်းပြ အန်နရီကေး၊ ဂိုးသမားဆုကို မန်စီးတီးသို့ရောက်နေတဲ့ PSG ဂိုးသမားဟောင်း ဒွန်နာရမ်မာ၊ သွင်းဂိုးဆုကို အာဂျင်တီးနားကလပ် အင်ဒီပန်ဒီယန်တေအသင်းက တောင်ပံကစားသမား မွန်တီယဲလ်တို့က ရရှိခဲ့ကြပါတယ်။ အမျိုးသားအကောင်းဆုံးအသင်းမှာ PSG ကစားသမား ခြောက်ဦးအထိ ပါဝင်ခဲ့ပြီး ဘာစီလိုနာက ၂ ဦး၊ ရီးရဲလ်မက်ဒရစ်၊ ချဲလ်ဆီးနဲ့ လီဗာပူးလ်က တစ်ဦးစီ ရွေးချယ်ခံခဲ့ရပါတယ်။ အမျိုးသမီးအခြားဆုတွေမှာ နည်းပြဆုကို အင်္ဂလန်အမျိုးသမီးအသင်းနည်းပြ ဆာရီနာဗိဂ်မန်း၊ ဂိုးသမားဆုကို ချဲလ်ဆီးနဲ့ အင်္ဂလန်ဂိုးသမား ဟမ်တန်၊ သွင်းဂိုးဆုကို မက္ကဆီကိုကလပ် UANL အသင်းက တောင်ပံကစားသမား အိုဗယ်လေတို့က ရရှိခဲ့ကြပါတယ်။ အမျိုးသမီးအကောင်းဆုံးအသင်းမှာ စပိန်နဲ့ အင်္ဂလန်ကစားသမားတွေသာ ရွေးချယ်ခံရပြီး စပိန်က ခုနစ်ဦးနဲ့ အင်္ဂလန်က လေးဦး ပါဝင်ခဲ့ပါတယ်။ FIFA Fair Play Award ဆုကို ပရိသတ်တစ်ဦးရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ ရေဂင်စဘတ်အသင်းဆရာဝန် ဟားလက်စ်နူကင်း၊ Fan Award ဆုကို နေမကောင်းတဲ့ ကလေးငယ်တွေအတွက် ကွင်းထဲသို့ အရုပ်တွေလှူဒါန်းခဲ့တဲ့ အီရတ်ကလပ် Zakho SC အသင်းတို့က ရရှိခဲ့ကြပါတယ်။ (NVS 008)

17 Dec

ADVERTISE HERE .