“ဖျူထိုင်းပါတီက သက်ဆင်ရှင်နာဝပ် ရဲ့ တူတော်စပ်သူကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်း”
17 Dec
ထိုင်းနိုင်ငံ၏ အဓိကနိုင်ငံရေးပါတီကြီး တစ်ခုဖြစ်သည့် ဖျူထိုင်းပါတီသည် လာမည့်ရွေးကောက်ပွဲများ အတွက် ပါတီကိုယ်စားပြု ဝန်ကြီးချုပ်လောင်းအဖြစ် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ၏ တူတော်စပ်သူကို အမည်စာရင်း တင်သွင်းထားသည်ဟု ဆင်ဟွာသတင်းဌာနက ဒီဇင်လာလ ၁၆ ရက်တွင် ဖော်ပြထားသည်။ လာမည့်နှစ် ဖေဖော်ဝါရီလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ပါတီကိုယ်စားပြု ဝန်ကြီးချုပ်လောင်းအဖြစ် ဇီဝဆေးပညာပါမောက္ခ ယော့ဒ်ချာနန် ဝန်ဆာဝပ် ကို အမည်စာရင်းပေးသွင်းထားကြောင်း ဖျူထိုင်းပါတီက သတင်းထုတ်ပြန်ထားသည်။ ပါမောက္ခ ဝန်ဆာဝပ် သည် ဖျူထိုင်းပါတီကို တည်ထောင်ခဲ့သော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ၏ တူတော်စပ်သူဖြစ်သည်။ လက်ရှိတွင် အသက် ၆၇ နှစ်ရှိ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် သည် ၎င်းအပေါ်ချမှတ်ထားသည့် ထောင်ဒဏ်တစ်နှစ်ပြစ်ဒဏ်ကို ဗန်ကောက်မြို့ အကျဉ်းထောင်တစ်ခု၌ ကျခံနေရဆဲ ဖြစ်သည်။ လက်ရှိ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ် သည် ပြီးခဲ့သည့်ရက်သတ္တပတ်က လွှတ်တော်ကို ဖျက်သိမ်းခဲ့ပြီးနောက် လာမည့်နှစ် ဖေဖော်ဝါရီလ ၈ ရက်တွင် အထွေထွေရွေးကောက်ပွဲသစ်ကို ကျင်းပရန် စီစဉ်ထားသည်။ ထိုင်းနိုင်ငံ၏ ဥပဒေများအရ လွှတ်တော်ကို ဖျက်သိမ်းပြီးနောက် ၄၅ ရက်မှရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲသစ်များ ထပ်မံ ကျင်းပပေးရမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။