“အီဂျစ်လခြမ်းနီအသင်းက ဆောင်းရာသီကယ်ဆယ်ရေးပစ္စည်းများ ဂါဇာသို့ ထပ်မံပေးပို့”
17 Decအီဂျစ်လခြမ်းနီအသင်းသည် စောင် ၉,၀၀၀၊ ဆောင်းရာသီအဝတ်အထည် အမျိုးအစားပေါင်း ၅၃,၂၀၀၊ မွေ့ရာ ၃,၄၀၀၊ ယာယီရွက်ဖျင်တဲ ၁၁,၀၀၀ အပါအဝင် ဆောင်းရာသီကယ်ဆယ်ရေးပစ္စည်းများကို ဒီဇင်ဘာလ ၁၆ ရက်က ဂါဇာသို့ ထပ်မံပေးပို့ခဲ့သည်ဟု ပြောကြားခဲ့သည်။ ယခုကဲ့သို့ ရာသီဥတုအခြေအနေ ဆိုးရွားပြင်းထန်နေချိန် တွင် ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးပို့ခြင်းသည် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းများကို ကူညီ ထောက်ပံ့နေရန် အီဂျစ်၏ ကြိုးပမ်းအားထုတ်မှုများထဲမှ တစ်ခုကို ဆက်လက်အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။ အီဂျစ်က ဂါဇာသို့ ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးပို့ခြင်းတွင် စားရေရိက္ခာနှင့် ဂျုံမှုန့် တန်ချိန် ၃,၉၀၀၊ ဆေးဘက်ဆိုင်ရာနှင့် ကူညီထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂,၉၀၀၊ ရေနံထွက်ကုန် တန်ချိန် ၁,၂၀၀ အပါအဝင် အရေးပေါ်ကူညီထောက်ပံ့ရေး ပစ္စည်းတန်ချိန် ၈,၀၀၀ ကျော်ပါဝင်သည်။ အီဂျစ်လခြမ်းနီအသင်းက ဂါဇာကမ်းမြောင်ဒေသဆိုင်ရာ အကူအညီပေးရေး ပဏာမခြေလှမ်းစတင်ခဲ့သည့် ဇူလိုင်လနှောင်းပိုင်းမှစကာ ဂါဇာသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ယာဉ်တန်း စေလွှတ်ခြင်းသည် ယခုတစ်ကြိမ်နှင့်ဆိုလျှင် အကြိမ်ပေါင်း ၉၅ ကြိမ် ရှိပြီဖြစ်သည်။ လွန်ခဲ့သောနှစ်နှစ် ပဋိပက္ခ စတင်ဖြစ်ပွားချိန်မှစ၍ ဂါဇာသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းတန်ချိန်ပေါင်း ၅၀၀,၀၀၀ ကျော် ပေးပို့ခဲ့ပြီးဖြစ်သည်ဟု အီဂျစ်လခြမ်းနီအသင်းက ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။