“ရှေ့နေများ အက်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းရန် ဆောင်ရွက်လျက်ရှိ”

17 Dec

ရှေ့နေအဖြစ် ထုတ်ပယ်ခံရသူများက အမှုသည်များထံမှ ကိုယ်စားလှယ်စာယူ၍ တရားရုံးတွင် ရှေ့နေတစ်ဦး သဖွယ် လိုက်ပါဆောင်ရွက်နေခြင်းနှင့် ရှေ့နေအဖြစ် တရားရုံးပြင်ပမှာ လုပ်ကိုင်နေခြင်းကို တားမြစ်နိုင်ရန်အတွက် ရှေ့နေများအက်ဥပဒေကို ပြင်ဆင်လိုခြင်းဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်ခင်မေရီ က လက်ရှိရှေ့နေများအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခွင့်မရှိဘဲ အမှုများကို ဆက်လက်လိုက်ပါ ဆောင်ရွက်နေခြင်းကို တားဆီးနိုင်ရန်၊ အမှုပွဲစားများအပေါ် ထိရောက်သောပြစ်ဒဏ်များ ချမှတ်နိုင်ရန်အတွက်လည်းဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် ဒေါ်ခင်မေရီ က ပြောကြားခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းရာ ဘာသာပြန်ကော်မရှင် က မြန်မာဘာသာသို့ ဘာသာပြန်ဆိုပြီးဖြစ်ပါက မြန်မာဘာသာဖြင့်သာ ပြင်ဆင်ပြဋ္ဌာန်းရမည်ဖြစ်ပြီး သဘောထား ကွဲလွဲနိုင်တဲ့အချက်များ ပေါ်ပေါက်လာမှသာ မူရင်းဥပဒေဖြစ်တဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားသော ဥပဒေကို အသုံးပြုရမည်ဖြစ်ကြောင်းလည်း ပြောကြားထားပါတယ်။ ရှေ့နေများအက်ဥပဒေကို ဘာသာပြန်ကော်မရှင်က တရားဝင်ဘာသာပြန်ဆိုပြီးဖြစ်၍ မြန်မာဘာသာ ပြန်ဆိုချက်ကိုပင် ပြင်ဆင်ရန်ဆွေးနွေးပြီး ပြင်ဆင်တဲ့ဥပဒေ(မူကြမ်း)ပါ ပြင်ဆင်တဲ့အချက်များက လက်တွေ့မှာ အမှန်တကယ်လိုအပ်သော အချက်များဖြစ်ပြီး နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုနိုင်ရန် အလို့ငှာ ပြင်ဆင်ပြဋ္ဌာန်းသင့်သော ဥပဒေဖြစ်ကြောင်း သုံးသပ်တွေ့ရှိရတာကြောင့် ဥပဒေပြဋ္ဌာန်းနိုင်ရေး အပြီးသတ် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါအစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်တရားသူကြီး ဒေါ်ခင်မေရီ၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ (NVS 004)

17 Dec

ADVERTISE HERE .