“ပါကစ္စတန်မှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ စေလွှတ်ပေးမည်”

17 Dec

ပါကစ္စတန်နိုင်ငံမှ ဒီဇင်ဘာလအတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသို့ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့ စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးက ပြောကြားခဲ့ကြောင်း သိရပါတယ်။ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးက သံအမတ်ခန့်အပ်လွှာကို မြန်မာနိုင်ငံယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ပေးအပ်သည့် အခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံယာယီသမ္မတမှ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီးကို ဒီဇင်ဘာလ ၁၆ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမမှာ တွေ့ဆုံ၍ သံအမတ်ခန့်အပ်လွှာကို လက်ခံရယူခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံတော်ယာယီသမ္မတနှင့် ပါကစ္စတန် သံအမတ်ကြီးတို့က နှစ်နိုင်ငံကြား ခိုင်မာတဲ့ သံတမန်ဆက်ဆံ ရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ ကျန်းမာရေးနှင့် နိုင်ငံရေးဆိုင်ရာကဏ္ဍ များမှာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ဘာသာရေးဆိုင်ရာနှင့် ခရီးသွားကဏ္ဍများမှာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံမှာ မကြာမီကျင်းပမည့် ရွေးကောက်ပွဲသို့ ပါကစ္စတန်နိုင်ငံမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ စေလွှတ်ပေးသွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ (NVS 004)

17 Dec

ADVERTISE HERE .