“ဧရာဝတီတိုင်းဒေသကြီးအတွင်း နေကြာနှင့် ပဲကြီး၊ ပဲပုပ်အရော စိုက်ဧကများ တိုးချဲ့စိုက်ပျိုးမည်”

16 Dec

ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံမှု ၇ဝ ရာခိုင်နှုန်းခန့်အထိ တိုးတက်လာစေရန် ယခုဘဏ္ဍာနှစ် တွင် နေကြာနှင့် ပဲကြီး၊ ပဲပုပ်အရော စိုက်ဧကများ တိုးချဲ့စိုက်ပျိုးသွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီး ဌာနမှ သိရပါတယ်။ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ မြေပဲစိုက်ဧက ၉၂,၈၆၀၊ နှမ်း ၂၃,၁၃၇ ဧကနှင့် နေကြာ ၁၄၁,၃၅၆ ဧက စုစုပေါင်း ဆီထွက်သီးနှံ ဧက ၂၅၀,၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး စားသုံးဆီဖူလုံမှုအနေနဲ့ ၃၈ ဒသမ ၄၃ ရာခိုင်နှုန်းရှိခဲ့ရာ ယခုဘဏ္ဍာနှစ်တွင် ၇၀ ရာခိုင်နှုန်းခန့်အထိ တိုးတက်လာစေရန် လျာထားဆောင်ရွက် နေခြင်းဖြစ်ပါတယ်။ အဆိုပါ နေကြာနှင့် ပဲကြီး၊ ပဲပုပ်အရော စိုက်ဧကများကို ယခုဘဏ္ဍာနှစ်မှာ တိုးမြှင့်ပြီး ဧကပေါင်း ၄၄၀,ဝ၀၀ ခန့်အထိ တိုးချဲ့စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကာ စားသုံးဆီဖူလုံမှုကိုလည်း ၇၀ ရာခိုင်နှုန်းခန့်အထိ တိုးတက်လာစေရန် မျှော်မှန်းထားရှိပါတယ်။ လက်ရှိမှာ ဧရာဝတီတိုင်းဒေသကြီး၌ သီးနှံအမျိုးအစားပေါင်း ၆၀ ခန့် စိုက်ပျိုးလျက်ရှိပြီး ဧရာဝတီတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ တောင်သူများစိုက်ပျိုးသော သီးနှံအားလုံး အထွက်နှုန်းကောင်းစေရန်နှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရန်၊ အထွက်နှုန်းကောင်းသော မျိုးသန့်မျိုးစေ့များ ပြောင်းလဲစိုက်ပျိုးနိုင်ရန်၊ ပိုးမွှား ရောဂါကာကွယ်နှိမ်နင်းရေး၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေရေးနှင့် မြေဩဇာများ၊ သွင်းအားစုများကို အချိန်ကိုက် ထည့်သွင်းစိုက်ပျိုးနိုင်ရန်တို့အတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

16 Dec

ADVERTISE HERE .