“တရုတ်နိုင်ငံကလွှတ်တင်ခဲ့သည့် ဂြိုဟ်တုတစ်စင်းနှင့် စတားလင့်ခ်ဂြိုဟ်တုတစ်စင်းတို့ တစ်စင်းနှင့်တစ်စင်း ဝင်တိုက်မိလုနီးပါးဖြစ်ခဲ့”

16 Dec

တရုတ်နိုင်ငံက လွှတ်တင်ခဲ့သည့် ဂြိုဟ်တုတစ်စင်းနှင့် အမေရိကန်အခြေစိုက် စပေ့အိတ်ကုမ္ပဏီ၏ စတားလင့်ခ်ဂြိုဟ်တုတစ်စင်းတို့ တစ်စင်းနှင့်တစ်စင်း ဝင်တိုက်မိလုနီးပါးဖြစ်ခဲ့ရကြောင်း စပေ့အိတ်ကုမ္ပဏီက ထုတ်ပြန်ထားကြောင်း ဒီဇင်ဘာလ ၁၄ ရက် သတင်းများအရ သိရသည်။ စတားလင့်ဂြိုဟ်တုနှင့် ဝင်တိုက်လုနီးပါး အကွာအဝေးသို့ ရောက်ရှိခဲ့သည့်ဂြိုဟ်တုမှာ တရုတ်နိုင်ငံအခြေစိုက် CAS Space ကုမ္ပဏီက ဒီဇင်ဘာလ ၉ ရက် တွင် လီကျိယန်-၁ ဒုံးပျံဖြင့် လွှတ်တင်ခဲ့သော ဂြိုဟ်တုကိုးစင်းထဲတွင် ပါဝင်သည့်ဂြိုဟ်တုဖြစ်ကြောင်း စပေ့အိတ် တာဝန်ရှိသူများက ပြောကြားသည်။ အာကာသဟင်းလင်းပြင်အတွင်းရှိနေသော အခြားဂြိုဟ်တုများနှင့် ချိန်ဆနေရာချမှုမရှိခဲ့ခြင်းကြောင့် CAS Space ကုမ္ပဏီ၏ ဂြိုဟ်တုတစ်စင်းသည် စပေ့အိတ်၏ စတားလင့်ခ်-၆၀၇၉ အမည်ရှိ ဂြိုဟ်တုကို မီတာ ၂၀၀ အကွာမှ ဖြတ်ကျော်ပျံသန်းခဲ့ကြောင်း စပေ့အိတ်ကုမ္ပဏီ၏ထုတ်ပြန်ချက်၌ ဖော်ပြထားကြောင်းသိရသည်။ အဆိုပါဖြစ်စဉ်သည် ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၅၆၀ အကွာတွင်တည်ရှိသော ပတ်လမ်းပေါ်၌ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အာကာသဟင်းလင်းပြင်အတွင်း ဂြိုဟ်တုများ တစ်စင်းနှင့်တစ်စင်း ဝင်တိုက်မည့်အန္တရာယ်ကို လျှော့ချရေးအတွက် ဂြိုဟ်တုလွှတ်တင်ရေးကုမ္ပဏီများကြား ညှိနှိုင်းရန်လိုအပ်ကြောင်း စပေ့အိတ်ကုမ္ပဏီမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု Sputnik သတင်းဌာန ဖော်ပြချက်အရ သိရသည်။

16 Dec

ADVERTISE HERE .