“နေပြည်တော်မှာ စည်ပင်အခွန်အခများကို Digital Payment များနဲ့ ပေးဆောင်နိုင်ပြီ”

16 Dec

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကောက်ခံလျက်ရှိသည့် ပစ္စည်းခွန်အပါအဝင် အဆောက်အဦ စစ်ဆေးခနှင့် ရေဖိုးရေခများကို Bank များ၏ Digital Payment များဖြင့် ပေးဆောင်နိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ ထိုသို့ပေးဆောင်နိုင်ရန်အတွက် အစိုးရအနေဖြင့် အမျိုးသားငွေပေးချေမှုစနစ် မဟာဗျူဟာတစ်ရပ်ချမှတ်ကာ မြန်မာနိုင်ငံ၏ ငွေပေးချေမှုစနစ် နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ တိုးတက်လာစေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရပါတယ်။ Digital Payment ငွေပေးချေမှုစနစ်ဟာ ပြည်သူလူထု၏ နေ့စဉ်လူမှုဘဝတွင် ငွေပေးချေမှုများကို လုံခြုံစိတ်ချ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်စေရန်၊ ငွေသားကိုင်တွယ်သုံးစွဲမှုလျှော့ချရန်၊ ဒစ်ဂျစ်တယ်ပေးချေမှုများကို တိုးမြှင့် ဆောင်ရွက်ရန်၊ mobile သုံးစွဲမှုများ တိုးတက်လာသည်နှင့်အမျှ အခြေခံလူတန်းစားများအထိ ဒစ်ဂျစ်တယ်ပေးချေမှု နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကော်မတီရဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်း၊ mobile pay လုပ်ငန်းများအပြင် မီတာခများ၊ အခွန်အခများ၊ အစိုးရဝန်ထမ်းလစာများ၊ အာမခံကြေးကောက်ခံမှုများ၊ အသေးစားငွေကြေး လုပ်ငန်းများအတွက် ကောက်ခံခြင်းများစသည့် အစိုးရငွေပေးချေမှုများသာမက ပုဂ္ဂလိကငွေ ပေးချေမှုများအတွက်ပါ စနစ်တကျခွင့်ပြု ပေးထားပြီးဖြစ်ပါတယ်။ လက်ရှိမှာ နေပြည်တော်စည်ပင်သာယာရေး ကော်မတီကို ပေးဆောင်ရန်ရှိသည့် ပစ္စည်းခွန်၊ အဆောက်အဦ စစ်ဆေးခနှင့် ရေဖိုးရေခများအား Digital Payment စနစ်ဖြစ်သည့် KBZ Pay၊ AYA Pay များဖြင့် ပေးဆောင် နိုင်ပြီဖြစ်တာကြောင့် အဆင်ပြေစွာဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ (NVS 008)

16 Dec

ADVERTISE HERE .