“အပစ်အခတ်ရပ်စဲရေးဆောင်ရွက်ရန် ကမ္ဘောဒီးယားပြန်ကြားရေးဝန်ကြီး တောင်းဆို”

15 Dec

ကမ္ဘောဒီးယားနိုင်ငံနှင့် နိုင်ငံအတွင်းရှိ အရပ်သားများ၏ အခြေခံအဆောက်အအုံများအပေါ်တွင် ထိုင်းနိုင်ငံက စစ်ရေးအရတိုက်ခိုက်မှုများမှ ချက်ချင်းရပ်တန့်ပေးရေးအတွက် ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီး နတ်ဖီထရာ က ထိုင်းနိုင်ငံအား ဒီဇင်ဘာလ ၁၃ ရက်တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။ ထိုင်းလေတပ်သည် ဒီဇင်ဘာလ ၁၃ ရက်တွင် F-16 တိုက်လေယာဉ်များဖြင့် ကမ္ဘောဒီးယားနိုင်ငံ ပါဆက်ပြည်နယ် ဗီဗန်ခရိုင် သမာဒါစစ်ဆေးရေးဂိတ်ရှိ တံတားနှစ်စင်းနှင့် ဟိုတယ်တစ်လုံးအား လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ၎င်းကပြောသည်။ ထိုင်းတပ်ဖွဲ့များသည် ကမ္ဘောဒီးယားအရပ်သားများ နေထိုင်သည့် ရွာများနှင့် အရပ်ဘက် အခြေခံအဆောက်အအုံများကို တိုက်ခိုက်မှုများ အများအပြားဆောင်ရွက်ခဲ့ပြီး ဖြစ်စဉ်များအတွင်း အရပ်သား ၁၁ ဦးသေဆုံးပြီး ၅၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကပြောသည်။ ပြည်နယ်ငါးခုမှ အိမ်ထောင်စု ၈၉,၆၈၇ စု ရွှေ့ပြောင်းခဲ့ရပြီး အရေအတွက်အားဖြင့် ဒေသခံ ၃၀၃,၂၁၃ ဦးရှိကြောင်း သိရသည်။ ကမ္ဘောဒီးယားအနေဖြင့် ယင်းလက်နက်ကိုင်ပဋိပက္ခကို ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေးနှင့် နိုင်ငံတကာ ဥပဒေအရ ဖြေရှင်းဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ အမေရိကန်သမ္မတထရမ့် နှင့် မိမိတို့ကြား ဖုန်းဖြင့် ၎င်းလက်နက်ကိုင်ပဋိပက္ခအရေး ဆွေးနွေးခြင်းကို ဒီဇင်ဘာလ ၁၂ ရက်က ဆောင်ရွက်ခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနတ် တို့က ပြောသည်။ အဆိုပါဆွေးနွေးမှုအရ နှစ်ဖက်အကြား ဒီဇင်ဘာလ ၁၂ ရက် ညနေမှစတင်၍ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ကြောင်း သမ္မတထရမ့် က ပြောကြားခဲ့သော်လည်း ထိုင်းနိုင်ငံက ၎င်းအချက်ကို ငြင်းဆိုခဲ့သည်။ ထိုင်းနိုင်ငံ ဆီဆာကက်ပြည်နယ်ရှိ အရပ်သားများနေထိုင်သည့် ဒေသများအား ကမ္ဘောဒီးယားက ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ဒေသခံလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းတော်ဝင်တပ်မတော်က ဒီဇင်ဘာလ ၁၃ ရက်တွင် ပြောသည်။ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ဆောင်ရွက်နေသည့် စစ်ဆင်ရေးများကို နိုင်ငံတကာစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံကာကွယ်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထိုင်းတော်ဝင်တပ်မတော်က ပြောသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

15 Dec

ADVERTISE HERE .