“Online လိမ်လည်လောင်းကစားတဲ့ လုပ်ငန်းများက မြန်မာနိုင်ငံမှ စတင်ပေါ်ပေါက်လာခြင်းမဟုတ်”

15 Dec

Online လိမ်လည်လောင်းကစားတဲ့လုပ်ငန်းများက မြန်မာနိုင်ငံမှ စတင်ပေါ်ပေါက်လာခြင်းမဟုတ်ဘူးလို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း က ရှင်းလင်းပြောကြားခဲ့ပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နှင်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာလ ၁၄ ရက်နံနက်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ Studio A ၌ ကျင်းပစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။ အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက သတင်းမီဒီယာများရဲ့ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ကြပါတယ်။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က Online လိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခဲ့တဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်နှင့် မူဆယ် ဒေသ၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်၊ KK Park နှင့် ကျောက်ခက်ဒေသများတွင် တိုက်ဖျက် နှိမ်နင်းဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ Online လိမ်လည် လောင်းကစားတဲ့လုပ်ငန်းများက မြန်မာနိုင်ငံမှ စတင် ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ မီဒီယာများမှတစ်ဆင့် အကြိမ်ကြိမ်ရှင်းလင်းတင်ပြခဲ့မှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသရှိ သောင်းကျန်းသူအဖွဲ့အစည်းများကြီးစိုးတဲ့ နယ်မြေများမှာအခြေချပြီး Online လိမ်လည် လောင်းကစားလုပ်ငန်းများကို တရားမဝင်လုပ်ဆောင်နေကြခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် Online လိမ်လည်လောင်းကစားလုပ်ငန်းများကို လက်ခံခွင့်ပြုထားခြင်းမရှိဘဲ နှိမ်နင်းရေးလုပ်ငန်းများမှာ နိုင်ငံတကာနှင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများကို တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ Task Force ဖွဲ့စည်း၍ ပူးပေါင်းနှိမ်နင်းမှုများဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ပြီး လိမ်လည်မှုများမှာ ပါဝင်ပတ်သက်ခဲ့တဲ့ နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့တဲ့ အခြေ အနေများ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေးနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ တိုက်ဖျက်ရန် အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနတို့ကြား သတင်းဖလှယ်မှုများဆောင်ရွက်ပြီး တရားခံများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် လိမ်လည်လောင်းကစားမှုကျူးလွန်ရန် အဓမ္မစေခိုင်းတဲ့ ဖြစ်စဉ်များကို သုံးနိုင်ငံက နားလည်မှုရှိရှိ သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှု(Trilateral Cooperation)ပုံစံနဲ့ ထိထိရောက်ရောက် ပူးပေါင်းနှိမ်နင်းလျက်ရှိနေကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအစိုးရအနေနဲ့ Online လိမ်လည်မှု (Online Scam) Online လောင်းကစားမှု (Online Gambling)များအပေါ် တိုက်ဖျက်ရေးလုပ်ငန်းများ၊ ဆက်လက်လုပ်ဆောင်သွားမည့် မူဝါဒနှင့် နည်းလမ်းများ စသည် တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါတယ်။ (NVS 004)

15 Dec

ADVERTISE HERE .