“အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးပွဲကို မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်”
15 Dec
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီဇင်ဘာလ ၉ ရက်မှ ၁၂ ရက်အထိ ကျင်းပတဲ့ (၁၄)ကြိမ်မြောက် အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းဝေး များကို သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါအခမ်းအနားမှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်များတွင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သော INGOs၊ NGOs နှင့် Private Sectors များအား ဆုချီးမြှင့်ရာ မြန်မာနိုင်ငံအနေဖြင့် Organization for Building Better Society(BBS) နှင့် Pro Engineering Co.,Ltd. တို့က (၇)ကြိမ်မြောက် အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ခေါင်းဆောင်မှုအရည်အချင်းဆုကို ရရှိခဲ့ကြောင်း သိရပါတယ်။ ဒီဇင်ဘာလ ၁၂ ရက်တွင်ကျင်းပသည့် အစည်းအဝေးသို့ ဒုတိယဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျုဟာက ကျေးလက်လူထုကို စွမ်းဆောင်ရည်မြှင့်တင် ပေးခြင်းနဲ့ တီထွင်ဆန်းသစ်မှုများဆောင်ရွက်ရန် လမ်းညွှန်ပေးကာ အားလုံးပူးပေါင်းပါဝင်တဲ့ ကျေးလက်ဒေသ အသွင် ကူးပြောင်းရေးအတွက် စီးပွားရေးပြောင်းလဲမှုများကို ဖြစ်ပေါ်စေကြောင်း ဒုတိယဝန်ကြီး ဦးသိုက်စိုး က ဆွေးနွေး ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ ဒေသခံပြည်သူများ၏ ပါဝင်ခွင့်၊ ဆုံးဖြတ်ခွင့်၊ ဦးဆောင်ခွင့် များကို အလေးထားဆောင်ရွက်ရန်၊ ကျေးရွာလူထုကို ၎င်းတို့ကိုယ်တိုင်အရေးပါသော အခြေခံအဆောက်အုံ တည်ဆောက်ရေးလုပ်ငန်းများကို ဖော်ထုတ်သတ်မှတ်ရန်၊ ဦးစားပေးသတ်မှတ်ရန်နှင့် စီမံခန့်ခွဲနိုင်ရန် အခွင့်အလမ်း များ ပံ့ပိုးပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီး ဦးသိုက်စိုး က ပြောကြားခဲ့ပါတယ်။ အဲဒီနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများက တက်ရောက်လာတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး များက အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးအစီရင်ခံစာများနှင့် မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)