“ပိုးသတ်ဆေး ၂ မျိုးကို သုံးစွဲခြင်းမပြုရန် တားမြစ်”
15 Dec
နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၇ ခုမှာ အဆိပ်ရှိပစ္စည်းနှစ်မျိုးဖြစ်သော Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို သုံးစွဲခြင်းမပြုရန် မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှ ထုတ်ပြန်ထားပါတယ်။ အဆိုပါပိုးသတ်ဆေး ၂ မျိုးကို လယ်ယာထွက်ကုန်များမှာ ဓာတ်ကြွင်းကင်းစင်ရေးဆောင်ရွက်ရန် လိုအပ်တာ ကြောင့် ပိုးသတ်ဆေးဥပဒေပုဒ်မ(၈)အရ စပါး၊ ပဲတီစိမ်းနှင့် မတ်ပဲ အများဆုံးစိုက်ပျိုးသော နေပြည်တော်၊ ပဲခူးတိုင်း ၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွင်း ၂ နှစ် သုံးစွဲခြင်းမပြုရန် တားမြစ်ပိတ်ပင်ထားခြင်း ဖြစ်ပါတယ်။ အခုလိုတားမြစ်ပိတ်ပင်ထားတဲ့ အဆိပ်ရှိပစ္စည်းနှစ်မျိုးဖြစ်သော Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၇ ခုအတွင်း မည်သည့် အစိုးရဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂလိကများမှ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သုံးစွဲခြင်း လုံးဝမပြုလုပ်ရန်နှင့် လိုက်နာခြင်း မရှိပါက ပိုးသတ်ဆေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)