“မသမာသူများကြောင့် ရွှေဈေး မတည်မငြိမ်ဖြစ်ပေါ်နေခြင်းဖြစ်”

15 Dec

ပြည်တွင်းရွှေဈေးနှုန်းနှင့်ပတ်သက်ပြီး မသမာသူတချို့က ကောလာဟလများထုတ်လွှင့်ကာ မတည်မငြိမ် ဖြစ်ပေါ်အောင် ဆောင်ရွက်လျက်ရှိနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ဥက္ကဋ္ဌ ဦးမျိုးမြင့် က ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ် (၂၇) ဖွင့်ပွဲအခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ အဆိုပါအခမ်းအနားကို ဒီဇင်ဘာလ ၁၂ ရက်မှာ YGEA အသင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ရွှေလုပ်ငန်းလုပ်ကိုင်နေသူ ကုန်သည်များမှာ ရိုးသားစွာ ရောင်းဝယ်ကြသူများရှိသလို ၎င်းတို့ထဲမှ မသမာသူလူတချို့က ကောလာဟလများ လွှင့်ထုတ်ကာ အ‌ရောင်းအဝယ်ပြုလုပ်နေခြင်းကြောင့် ရွှေဈေးမတည်မငြိမ် ဖြစ်နေရခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ပြည်တွင်းရွှေဈေးကွက်မှာ ရောင်းချရမယ့် သတ်မှတ်ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၅,၉၈၀,၀၀၀ သတ်မှတ်ထားပေမယ့် ပြင်ပဈေးကွက်မှာ ကျပ် ၈,၉၄၀,၀၀၀ အထိ ဆွဲတင်ခံထားရတာကြောင့် ရည်ညွှန်းရွှေဈေးနှုန်းထက် ကျပ် ၂၉ သိန်းခွဲကျော် ပိုများနေခြင်း ဖြစ်ကြောင်း၊ ဒါကြောင့် ကောလာဟလများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းအသင်းမှ သတင်းအမှားဖြစ်ကြောင်း ကိုလည်း ထုတ်ပြန်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 004)

15 Dec

ADVERTISE HERE .