ဂါဇာဒေသ၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အအုံများပြိုကျပြီး ၁၄ ဦးသေဆုံး
14 Dec
ဂါဇာဒေသ၌ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အအုံများပြိုကျ ပြီး ၁၄ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။ ဒီဇင်ဘာလ ၁၀ ရက်မှ စပြီး မိုးသည်းထန်စွာ ရွာသွန်း လျက် ရှိကြောင်းနှင့်အနည်းဆုံးနေအိမ် ၁၃ လုံး ပြိုကျခဲ့ကြောင်း အာဏာပိုင်တို့က ပြောကြားသည်။ သေဆုံးသူများ တွင် အအေးမိဖျားနာသည့် ကလေးငယ်များ ပါဝင်သည်။ ဆိုးရွားသောရာသီဥတုအခြေအနေကြောင့် ဒုက္ခသည် စခန်းများရှိ တဲ ၂၇,၀၀၀ ကျော် ရေလွှမ်း သို့မဟုတ် ပျက်စီးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသခံများက အစ္စရေးတို့၏တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော တဲများနှင့် အဆောက် အအုံများတွင် နေထိုင်လျက် ရှိသည်။ ဂါဇာဒေသ၌ ဆောင်းရာသီတွင် မကြာခဏမိုးရွာလေ့ရှိကြောင်း သိရသည်။ နယ်စပ်ဖြတ်ကျော်ဂိတ်များဖွင့်လှစ်ရန်နှင့်အမိုးအကာများ တည်ဆောက်ရန် လိုအပ်သည့်ပစ္စည်းများအပါအဝင် အရေးပေါ်ထောက်ပံ့မှုများကို ဝင်ရောက်ခွင့်ပြုရန်၊ အစ္စရေးအားဖိအားပေးရန် အာဏာပိုင်များက နိုင်ငံတကာ အသိုက်အဝန်းအား တိုက်တွန်းထားကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။