ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေ တောင်းခံမှုများရှိနေ
14 Dec
ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်း အမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင် ပေးသော်လည်း စာရွက်စာတမ်းအတုများနဲ့ လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများ ရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့က အသိပေးထားပါတယ်။ ထိုင်းနိုင်ငံတွင်ရောက်ရှိနေသော မြန်မာအလုပ်သမားများ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင် မတော်တဆမှုများအပါအဝင်အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ထိုင်းနိုင်ငံအတွင်း ၎င်းတို့၏ မိသားစုဝင်များမှ ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် ၎င်းတို့တင်ပြလာသော စာရွက်စာတမ်းများ အား စိစစ်ပြီး မြန်မာသံရုံးမှ လျော်ကြေးတောင်းခံခြင်းထောက်ခံစာ ထုတ်ပေးလျက်ရှိပါတယ်။ ထိုသို့ ထုတ်ပေး လျက်ရှိရာတွင် အချို့သောသူများဟာ စာရွက်စာတမ်းများအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေ တောင်းခံခြင်းအတွက် ထောက်ခံစာလာရောက်လျှောက်ထားမှုများရှိနေကြောင်း စိစစ်တွေ့ရှိခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားပါတယ်။ ထိုကဲ့သို့ စာရွက်စာတမ်းအတုအပ ကိုင်ဆောင်သူ၊ အတုအပပြုလုပ်ပေးသူများကို စစ်ဆေးတွေ့ရှိပါက မြန်မာသံရုံးအနေဖြင့် သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်း၍ လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။