ဗင်နီဇွဲလားရေနံတင်သင်္ဘောများကို ထပ်မံသိမ်းယူရန် အမေရိကန် ပြင်ဆင်နေ
13 Dec
ဗင်နီဇွဲလားရေနံများ ပို့ဆောင်နေသော ရေနံတင်သင်္ဘောများကို ထပ်မံကြားဖြတ်ဖမ်းဆီးရန် အမေရိကန် အစိုးရက ပြင်ဆင်နေကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ ယခုရက်သတ္တပတ်အတွင်း အမေရိကန်တပ်မတော်က ဗင်နီဇွဲလားကမ်းလွန်ရေပြင်၌ ဗင်နီဇွဲလား ရေနံတင် သင်္ဘောတစ်စီးကို ဖမ်းဆီးခဲ့ပြီးနောက် အဆိုပါသတင်း ထပ်မံပေါ်ထွက်လာခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံသည် ဗင်နီဇွဲလားရေနံပို့ကုန်များနှင့် ရေနံတင်သင်္ဘောများကို ၂၀၁၉ ခုနှစ်က အရေးယူ ပိတ်ဆို့မှုများ ချမှတ်ထားသည်။ သို့ရာတွင် အဆိုပါအရေးယူ ပိတ်ဆို့မှုစည်းမျဉ်းများအရ ဗင်နီဇွဲလား ရေနံတင်သင်္ဘောတစ်စီးကို အမေရိကန်တပ်မတော်က ဒီဇင်ဘာလ ၁ဝ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် ဖမ်းဆီးသိမ်းယူခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အမေရိကန်နိုင်ငံအနေဖြင့် အရေးယူပိတ်ဆို့မှုစာရင်းတွင် ပါဝင်နေသည့် ဗင်နီဇွဲလား ရေနံတင်သင်္ဘော များကို ထပ်မံသိမ်းယူရေးအတွက် ပြင်ဆင်နေကြောင်း အမေရိကန်အစိုးရ သတင်းအရင်းအမြစ်များက ပြောကြားထားသည်။ အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှုစာရင်းတွင် ပါဝင်နေဖွယ်ရှိသည့် ဗင်နီဇွဲလား ရေနံတင်သင်္ဘော အစီးရေမှာ ၃၀ ထိ ရှိနိုင်ကြောင်း သိရသည်။