နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ နိုင်ငံတော်ယာယီသမ္မတ သွားရောက်ကြည့်ရှု
12 Dec
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် တည်ဆောက်လျက်ရှိတဲ့ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန (ရန်ကုန်)(Myanmar Art Center-Yangon)သို့ နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဒီဇင်ဘာလ ၁၂ ရက် မွန်းလွဲပိုင်းမှာ ကော်မရှင်အဖွဲ့ဝင်များနှင့်အတူ သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အဆိုပါလုပ်ငန်းခွင် ယာယီရှင်းလင်းဆောင်၌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က ဒီမိုကရေစီ ပထမအစိုးရသက်တမ်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ဂီတ၊ သဘင်များ ဖျော်ဖြေတင်ဆက်နိုင်မည့် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာနများကို တည်ဆောက်ရေးလုပ်ငန်းများ စတင်ခဲ့ကြောင်း၊ ဒီမိုကရေစီ ဒုတိယအစိုးရသက်တမ်းတွင် ၎င်းလုပ်ငန်းများ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ရကြောင်း၊ ယခုအချိန်တွင် တည်ဆောက်ရေးကို ဆက်လက်ဆောင်ရွက်လျက်ပြီး အဆောက်အဦဒီဇိုင်းများအား မြန်မာ့ယဉ်ကျေးမှုကို ဖော်ညွှန်းပြသနိုင်သည့် ဒီဇိုင်းများဖြင့် ပုံဖော်တည်ဆောက်မည့် အခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ ရှင်းလင်းတင်ပြမှုအပေါ် ယာယီသမ္မတ က နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်)အား မူလ ရည်မှန်းချက်များနှင့်အညီဖြစ်စေရေး ဆက်လက်အကောင်အထည်ဖော်ရန်လိုကြောင်း၊ တည်ဆောက်ရာတွင် နိုင်ငံတကာအဆင့်မီ ဆက်တင်များ၊ Lighting စနစ်များ၊ အသံစနစ်များကို စနစ်တကျ တွက်ချက်ထည့်သွင်း တည်ဆောက်ရန်လိုကြောင်း၊ အနုပညာဗဟိုဌာနအတွင်း အော်ပရာပြဇာတ်များ တင်ဆက်ပြသနိုင်သည့် အဆင့် ဖြစ်အောင် တည်ဆောက်သွားရန်လိုကြောင်း၊ ယခုအနုပညာဗဟိုဌာနအား ဆက်လက်အကောင်အထည်ဖော်ခြင်းက မြန်မာ့ရုပ်ရှင်၊ သဘင်၊ ဂီတ စသည့် အနုပညာရပ်များကို ဆက်လက်ထိန်းသိမ်းပြီး ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ရည်ရွယ်၍ နိုင်ငံတော်မှ အလေးထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း မှာကြားခဲ့ပါတယ်။ အဆိုပါအနုပညာဗဟိုဌာနများ တည်ဆောက်ခြင်းစီမံကိန်းများ လုပ်ငန်းအကောင်အထည်ဖော်မှု ရပ်တန့်ခဲ့ရခြင်းကြောင့် အနုပညာရှင်များ၏ မြန်မာ့ရုပ်ရှင်၊ သဘင်၊ ဂီတ စသည့် အနုပညာရပ်များဖော်ထုတ်ခွင့် ၁၀ နှစ်ခန့် နောက်ကျခဲ့ရသိရပါတယ်။(NVS 004)