ကမ္ဘာ့ဖလားလက်မှတ် စျေးနှုန်းကြီးမြင့်ခြင်းအပေါ် ပရိသတ်များက ဖီဖာကို ဝေဖန်ပြစ်တင်

12 Dec

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ လက်မှတ်စျေးနှုန်း ကြီးမြင့်ခြင်းအပေါ် ဘောလုံးပရိသတ်အဖွဲ့အစည်းများက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ကို ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဖီဖာက ဒီဇင်ဘာလ ၅ ရက်မှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မဲခွဲပွဲပြုလုပ်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၁ ရက်မှာ အွန်လိုင်းမှတစ်ဆင့် လက်မှတ်များကို တတိယအသုတ်အဖြစ် ရောင်းချပေးခဲ့ပါတယ်။ လက်မှတ်စျေးနှုန်း များက အဆမတန်ကြီးမြင့်မားနေခဲ့လို့ ဥရောပဘောလုံးအားပေးသူများအဖွဲ့(FSE)က ဖီဖာအနေနဲ့ ကမ္ဘာ့ဖလား လက်မှတ်ရောင်းချမှုကို ချက်ချင်းရပ်တန့်သင့်ကြောင်း အရေးဆိုခဲ့ပါတယ်။ ဖီဖာက ၂၀၁၈ ခုနှစ်မှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စျေးသက်သာတဲ့ ထိုင်ခုံလက်မှတ်များစွာ စီစဉ် ပေးသွားမယ်လို့ ကတိပေးခဲ့ပေမဲ့ လက်တွေ့မှာ ၂၀၂၂ ကမ္ဘာ့ဖလားထက် ပျမ်းမျှခြင်းအားဖြင့် ခုနစ်ဆလောက် စျေးကြီးနေကြောင်း သိရပါတယ်။ ဒါကြောင့် အလုပ်သမားလူတန်းစားတွေ အားပေးကြည့်ရှုရန် မလွယ်ကူတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်တယ်လို့ အင်္ဂလန်ပရိသတ်တချို့က ပြောခဲ့ပါတယ်။ FSE က ဖီဖာရဲ့ လက်မှတ်စျေးနှုန်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပေါ် သစ္စာမဲ့လွန်းရာကျကြောင်းလည်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။(NVS 008)

12 Dec

ADVERTISE HERE .