“စစ်တွေမြို့ သက်တမ်း နှစ် ၂၀၀ ပြည့်ပွဲတော် ကျင်းပမည်”
12 Dec
ရခိုင်ပြည်နယ် စစ်တွေမြို့၏ မြို့သက်တမ်း နှစ် ၂၀၀ ပြည့်ပွဲတော်ကို လာမယ့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်မှ ၂၃ ရက်ထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဥပဒေချုပ် ထံမှ သိရပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့၏ မြို့သက်တမ်းသည် ၂၀၂၆ ခုနှစ်တွင် နှစ် ၂၀၀ ပြည့်မှာဖြစ်ပြီး အဆိုပါ စစ်တွေမြို့ နှစ် ၂၀၀ ပြည့်ပွဲတော်တွင် စစ်တွေမြို့ ဝင်္ကပါကွင်းအတွင်း အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ယိမ်းအကအလှများ အပြင် ရခိုင်တိုင်းရင်းသား တေးသံရှင်များ၏ တေးဂီတဖျော်ဖြေပွဲများကိုလည်း ထည့်သွင်းကျင်းပသွားရန် စီစဉ်လျက် ရှိနေပါတယ်။ ပွဲတော်ကျင်းပစဉ်ကာလအတွင်း စစ်တွေမြို့ရှိ ခိုင်သဇင်ခန်းမ၌ စစ်တွေမြို့၏ ရှေးဟောင်းအမှတ်တရ ဓာတ်ပုံများ၊ စစ်တွေမြို့ဖွား ထင်ရှားသည့် ရဟန်း၊ လူပုဂ္ဂိုလ်များ၏ ဓာတ်ပုံများ၊ ကိုလိုနီခေတ်မှ ယနေ့ကာလထိ တည်ရှိနေသည့် အဆောက်အအုံများ၊ စစ်တွေမြို့နှင့်ပတ်သက်ပြီး ရေးဖွဲ့ထားသည့် ကဗျာများ၊ ကာတွန်းများကို ထည့်သွင်းပြသမှာဖြစ်သလို စာတမ်းဖတ်ပွဲနှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား/ ကျောင်းသူ များ၏ ပန်းချီပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမှာဖြစ်ပါတယ်။ (NVS-004)