“ငလျင်ဘေးသင့်ပြည်သူများအတွက် ကိုရီးယားနှင့် တရုတ်နိုင်ငံတို့မှ အရေးပေါ်အရန်ဆန်များလှူဒါန်း”
12 Dec
အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ(APTERR)အစီအစဉ်-၃(၂၀၂၅)အရ ငလျင်ဘေးသင့် ပြည်သူ များအတွက် ကိုရီးယားနှင့် တရုတ်နိုင်ငံတို့မှ အရေးပေါ်အရန်ဆန်များ လှူဒါန်းခြင်းအခမ်းအနားကို နေပြည်တော်ရှိ ရုံးအမှတ်(၁၅)၌ ဒီဇင်ဘာလ ၁၁ ရက်တွင် ကျင်းပခဲ့ကြောင်းသိရပါတယ်။ အခမ်းအနားတွင် ကိုရီးယားနိုင်ငံမှ ဆန်တန်ချိန် ၃,၀၀၀ တန်နှင့် တရုတ်နိုင်ငံမှ ဆန်တန်ချိန် ၂၇၅ တန်ကို ထပ်မံလှူဒါန်းခြင်းနဲ့ ကိုရီးယားနိုင်ငံမှ ဆန်တန်ချိန် ၂,၀၀၀ တန်နှင့် တရုတ်နိုင်ငံမှ ဆန်တန်ချိန် ၃၇၅ တန်တို့ကို ပုံမှန် အစီအစဉ်ဖြင့်လှူဒါန်းခြင်း သဘောတူညီမှုစာချွန်လွှာ(Memorandum of Agreement-MoA)လေးစောင် လက်မှတ် ရေးထိုးခြင်းကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ သဘောတူညီမှုစာချွန်လွှာများကို နေပြည်တော်ရှိ ရုံးအမှတ်(၁၅)၌ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း နှင့် APTERR အတွင်းရေးမှူးချုပ်ရုံးမှ အထွေထွေမန်နေဂျာ Dr. Choomjet Karnjanakesorn တို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး လက်မှတ်ရေးထိုးပွဲသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် APTERR အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ ငလျင်ကြီးအပြီး (APTERR) အစီအစဉ်-၃ အရ ကိုရီးယားနိုင်ငံမှလှူဒါန်းသည့် ဆန်တန်ချိန် ၃,၀၀၀ တန်နှင့် တရုတ်နိုင်ငံမှလှူဒါန်းသည့် ဆန်တန်ချိန် ၅၀၀ တန်တို့ကို ဘေးသင့်ဒေသပြည်သူများထံ ဖြန့်ဝေပေးခဲ့ပြီးဖြစ်ပါတယ်။ ယခုအခါမှာ ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့မှ ထပ်မံလှူဒါန်းသည့် ဆန်တန်ချိန်စုစုပေါင်း ၃,၂၇၅ တန်ကို ငလျင်ဘေးသင့် ပြည်သူများထံ ဆက်လက်လှူဒါန်းသွားမှာဖြစ်ပါတယ်။ (APTERR)အစီအစဉ်-၃ ၏ ပုံမှန်အစီအစဉ်အရ ဆက်လက်ပြီး ကိုရီးယားနိုင်ငံမှလှူဒါန်းသည့် ဆန်တန်ချိန် ၂,၀၀၀ တန်နှင့် တရုတ်နိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် ၃၇၅ တန်တို့ကိုလည်း သဘာဝဘေးကြုံတွေ့လာရပါက ဖြန့်ဝေလှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။ (NVS-004)