“ပညာရေးမှာ ရင်းနှီးမြှုပ်နှံမှုများက အနာဂတ်တိုင်းပြည်အတွက် ရင်းနှီးမြှုပ်နှံခြင်းဖြစ်”

12 Dec

ပညာရေးမှာ ရင်းနှီးမြှုပ်နှံမှုများက အနာဂတ်တိုင်းပြည်အတွက် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကြောင်း နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ဒီဇင်ဘာလ ၁၁ ရက်မွန်းလွဲပိုင်းမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများကိုတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားစဥ် ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို အလေးထားအားပေး မြှင့်တင်ဆောင်ရွက်လျက် ရှိပြီး ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုများသည် အနာဂတ်တိုင်းပြည်အတွက် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အခြေခံပညာအဆင့် အတန်းတင်စာမေးပွဲများ ဖြေဆိုတော့မည်ဖြစ်၍ ရာနှုန်းပြည့် ဖြေဆိုနိုင် ရေးနှင့် နောင်နှစ် တန်းစဉ်ကူးပြောင်းမှု မြင့်မားရေးအတွက် လိုအပ်သည့်ကြိုတင်ပြင်ဆင်ခြင်းများကို ဆောင်ရွက်ရ မယ်လို့ မှာကြားခဲ့ပါတယ်။ ဒါ့အပြင် ကောက်ယူရရှိတဲ့ ကိန်းဂဏန်းအချက်အလက်များအရ မြန်မာနိုင်ငံမှာ ပညာရေးနှင့်ပတ်သက်၍ အားနည်းမှုများရှိနေတာကို တွေ့မြင်နိုင်၍ မိမိတို့အစိုးရအနေနဲ့ ပညာရေးကဏ္ဍမြှင့်တင်ခြင်း လုပ်ငန်းများကို အလေးထားအားပေး ဆောင်ရွက်လျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ပညာရေးကဏ္ဍအားနည်းပါက ကျန်ရှိတဲ့ကဏ္ဍများမှာလည်း အားနည်းလာမည်ဖြစ်ကာ အနာဂတ်မှာ ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးအတွက် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်း များစွာကို မွေးထုတ်ပေးနိုင်ရန် လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပညာရေးမှာ ကျောင်းနေရာခိုင်နှုန်းမြင့်မားရေးနှင့် တန်းစဉ်ကူးပြောင်းမှု မြင့်မားရေးကို ဆောင်ရွက်ရမည် ဖြစ်ပြီး အကြောင်းမျိုးမျိုးကြောင့် တန်းစဉ်ကူးပြောင်းမှုများ အားနည်းမှုများဖြစ်ပေါ်နေတာကို တွေ့ရှိရ၍ ရန်ကုန်တိုင်း‌ ဒေသကြီးအနေနဲ့လည်း တန်းစဉ်ကူးပြောင်းမှုများ ယခုထက်ပိုမိုမြင့်မားစေရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတက ထည့်သွင်းပြောကြားခဲ့ပါတယ်။ (NVS 004 )

12 Dec

ADVERTISE HERE .