“ဒီဇင်ဘာလ ဒုတိယပတ်အတွင်း အားအနည်းငယ်ရှိသော လာနီညာအဆင့်မှာ တည်ရှိနိုင်”

12 Dec

ဒီဇင်ဘာလ ဒုတိယ ၁၀ ရက်ပတ် (၁၁ ရက်မှ ၂၀ ရက်အတွင်း) အားအနည်းငယ်ရှိသော လာနီညာအဆင့်တွင် ဆက်လက်တည်ရှိနေနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ(Tropical Pacific Ocean)၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော လာနီညာအခြေအနေတွင်ရှိနေပြီး နိုင်ငံတကာမိုးလေဝသဌာနများရဲ့ သင်္ချာပုံစံပြုမော်ဒယ်လ်များ ခန့်မှန်းချက်အရ ယခုကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။ လာနီညာဖြစ်စဉ်က ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်တဲ့ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါလာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းများတိုက်ခတ်ခြင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်းနှင့် ဒေသအချို့တွင် ညအပူချိန်များ လျော့နည်းနိုင်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းစတဲ့ ရာသီဥတုဖြစ်စဉ်များ ဖြစ်ပွားတတ်ကြောင်း သိရပါတယ်။ ဒါကြောင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေနဲ့ လာနီညာဖြစ်ပေါ်မှုနှင့်ပတ်သက်တဲ့ အခြေအနေ များကို အချိန်နှင့်တပြေးညီ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ကုန်ခါနီးက မြန်မာနိုင်ငံမှ ဒေသအများအပြားတွင် ညအပူချိန်များကျဆင်းခဲ့ပြီး ဒီဇင်ဘာလအစောပိုင်း ရက်များမှာ ညအပူချိန်များ အနည်းငယ်ပြန်တက်လာခဲ့ကာ ဒီဇင်ဘာလဒုတိယပတ် အစပိုင်းမှစ၍ ညအပူချိန်များ ပြန်လည် ကျဆင်းလျက်ရှိကြောင်း သိရပါတယ်။ (NVS 004 )

12 Dec

ADVERTISE HERE .