“ပြည်ပဈေးကွက်ဝင်ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရန် နိုင်ငံတော်မှ ချေးငွေများပေးအပ်ခြင်းနှင့် စက်ယန္တရားများ တင်သွင်းခွင့်ပြုခြင်းများ ဆောင်ရွက်ပေးလျက်ရှိ”

11 Dec

ပြည်ပဈေးကွက်ဝင်ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရန် နိုင်ငံတော်မှ ချေးငွေများပေးအပ်ခြင်းနှင့် စက်ယန္တရားများ တင်သွင်းခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ ဒီဇင်ဘာလ ၉ ရက်က နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၃/၂၀၂၅)ကြိမ်မြောက်အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ အစည်းအဝေးတွင် အစိုးရ-ပုဂ္ဂလိကကုန်သွယ်မှု မြှင့်တင်ရေးကောင်စီဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အစိုးရ-ပုဂ္ဂလိကကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ၏ လုပ်ငန်းတာဝန်တွင် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားလူမှုစီးပွားဖွံ့ဖြိုးမှုကို ရေတိုရေရှည်မဟာဗျူဟာနှင့် နည်းဗျူဟာ များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ထိန်းကျောင်းလမ်းညွှန်မှုပြုရန် ဖော်ပြထားရှိရာ ကောင်စီအဖွဲ့ဝင်များအနေနဲ့ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစီမံချက်များကို ပြင်ဆင်ရေးဆွဲထား သည့် အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၆-၂၀၃၀ နှင့် လိုက်လျောညီထွေဖြစ်အောင် ရေးဆွဲကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ပြည်ပနိုင်ငံများသို့ စျေးကွက်ဝင်သော ပို့ကုန်များ ပိုမိုတင်ပို့နိုင်ခြင်းသည် ထုတ်ကုန်ထုတ်လုပ်သော နိုင်ငံသားတို့၏ စွမ်းဆောင်ရည်မြင့်တက်လာခြင်းကြောင့်ဖြစ်၍ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး၊ ကုန်ထုတ်လုပ်သည့် စက်ယန္တရားများကောင်းမွန်ရေးနှင့် ထုတ်လုပ်သူများ စွမ်းဆောင်ရည်မြင့်မားရေးအတွက် နိုင်ငံတော်က ချေးငွေများ ပေးအပ်ခြင်း၊ စက်ယန္တရားများတင်သွင်းခွင့်ပြုခြင်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရေးအစီအစဉ်များ ဖွံ့ဖြိုး တိုးတက်အောင် စီမံခြင်းတို့ကို ကွင်းဆက်လုပ်ငန်းစဉ်တစ်ခုအနေနဲ့ စီမံပေးလျက်ရှိကြောင်း၊ ကောင်စီအဖွဲ့ဝင်များ အနေနဲ့လည်း လုပ်ငန်းရှင်များ၏ လိုအပ်ချက်များအပေါ် ကဏ္ဍအလိုက်ချိတ်ဆက်မိအောင် ပံ့ပိုးပေးကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS-004)

11 Dec

ADVERTISE HERE .