“အင်းဝစွယ်တော်စင် ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းစတင်”
11 Dec
မန္တလေးတိုင်းဒေသကြီး၊ အင်းဝမြို့ဟောင်းရှိ အုတ်ပုံသဖွယ်ပျက်စီးနေသော စွယ်တော်စင်ကို ဒီဇင်ဘာလ ၂ ရက် က ရွှေပန္နက်၊ ငွေပန္နက်၊ မြပန္နက်၊ ပတ္တမြားပန္နက်ချ မင်္ဂလာတော်ပြုလုပ်ပြီးနောက် ပြန်လည်တည်ထားကာ ပြန်လည် တည်ဆောက်ခြင်းလုပ်ငန်းစတင်နေပြီဖြစ်ကြောင်း သိရပါတယ်။ အင်းဝစွယ်တော်စင်အား ပြန်လည်တည်ဆောက်ခွင့်ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန က ဇူလိုင်လအတွင်းက ခွင့်ပြုမိန့်ပေးခြင်းကြောင့် ပုရပိုက်ပါ ပန်းချီလက်ရာအတိုင်း ရှေးမူမပျက် ပြန်လည်တည်ဆောက် နိုင်ရန် မြန်မာမှုဗိသုကာပညာရှင် ဆရာကြီး တမ္ပဝတီ ဦးဝင်းမောင် မှ ကြီးကြပ်ဆောက်ရွက်ပေးလျက်ရှိပါတယ်။ အဆိုပါ အင်းဝစွယ်တော်စင် ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ကုန်ကျစရိတ်အားလုံးကို အလှူရှင်မိသားစု တစ်စုတည်းကသာ ကုန်ကျခံပေးခဲ့တာဖြစ်ပါတယ်။ စက်တင်ဘာလ ၇ ရက်က စွယ်တော်စင်တည်ဆောက်ရန် မြေတူးစဉ် ရရှိခဲ့သော ရှေးလက်ရာ ရှားပါးမနုဿီဟရုပ်ကို လုံခြုံရေးအရ အင်းဝပြတိုက်တွင် ယာယီထိန်းသိမ်းထားရှိကြောင်း သိရပါတယ်။ (NVS-004)