“ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းနှင့် မြောက်ပိုင်းတွင် အင်အားပြင်းငလျင်တစ်ခုလှုပ်ပြီးနောက် လူ ၅၂ ဦးခန့် ဒဏ်ရာ ရရှိ”
11 Dec
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းနှင့် မြောက်ပိုင်းတွင် ၇ ဒသမ ၅ မဂ္ဂနီကျုပမာဏရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခဲ့ ပြီးနောက် လူ ၅၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ဒေသမီဒီယာများတွင် ဒီဇင်ဘာလ ၁၀ ရက်က ဖော်ပြခဲ့သည်။ ငလျင်ကြောင့် အအိုမိုရိခရိုင်တွင် လူ ၁၇ ဦး၊ ဟော့ကိုင်းဒိုးခရိုင်တွင် ၁၁ ဦး၊ အိဝတဲခရိုင်တွင် လေးဦး အသီးသီး ဒဏ်ရာ ရရှိခဲ့သည်ဟု ကျိုတိုသတင်းဌာနက ဖော်ပြခဲ့သည်။ ငလျင်ကြောင့် ဟော့ကိုင်းဒိုး၊ အအိုမိုရိ၊ အိဝတဲ၊ မီယာဂီနှင့် ဖူကူ ရှီးမားခရိုင် တို့ရှိ ကျောင်းပေါင်း ၃၀၀ ကျော်ကို ဒီဇင်ဘာလ ၉ ရက်က ပိတ်ခဲ့ရသော်လည်း ငလျင်ဒဏ် ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည့် စာသင်ကျောင်းများမှလွဲ၍ စာသင်ကျောင်းအချို့ကို ဒီဇင်ဘာလ ၁၀ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်ဟု သတင်းဖော်ပြချက်အရ သိရသည်။ အအိုမိုရိ ပစိဖိတ်ကမ်းရိုးတန်းကမ်းလွန်တွင် ဒီဇင်ဘာလ ၈ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၅ မိနစ်တွင် တုန်ခါမှုဖြစ်ပွားခဲ့သည်။ ဂျပန်မိုးလေဝသအေဂျင်စီက ငလျင်ကြောင့် အိဝတဲခရိုင်၊ ဟော့ကိုင်းဒိုးခရိုင်နှင့် အအိုမိုရိ ခရိုင်များအတွက် ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ခဲ့သည်။ အိဝတဲခရိုင် ကူဂျီဆိပ်ကမ်းနှင့် အခြားဆိပ်ကမ်းများတွင် ဆူနာမီလှိုင်းများ ရောက်ရှိလာနိုင်ပြီး လှိုင်းအမြင့်သည် ၇၀ စင်တီမီတာအမြင့်ရှိနိုင်သည်ဟု ဆိုသည်။ အင်အားပြင်း ငလျင်လှုပ်ပြီးနောက် ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက်တွင် နောက်ထပ်ငလျင်ကြီး တစ်ခု ထပ်မံလှုပ်ခတ်နိုင်သေးကြောင်း မိုးလေဝသအေဂျင်စီက သတိပေးချက်ထုတ်ပြန်ထားသည်။ လာမည့် သီတင်းပတ်အတွင်း အကြိမ် ၁၀၀ လျှင် တစ်ကြိမ်ခန့် ငလျင်ပြင်းအား ၈ မဂ္ဂနီကျုအဆင့်ကျော်လွန်သည့် ငလျင်ကြီး လှုပ်ခတ်နိုင်ခြေရှိသည်ဟု မှတ်ချက်ပြုဖော်ပြထားသည်။ လာမည့်သီတင်းပတ်များတွင် ပြည်သူများကို သတိဝီရိယနှင့် နေထိုင်ရန် မိုးလေဝသအရာရှိများက အကြံပေးထားသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။