“အစ္စရေးဝန်ကြီးချုပ်နှင့် အမေရိကန်သမ္မတတို့ ယခုလအတွင်း ငြိမ်းချမ်းရေးအစီအစဉ် ဆွေးနွေးမည်”
11 Dec
အစ္စရေးနှင့် ဟားမက်စ်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စတင်ခဲ့သည်မှာ ဒီဇင်ဘာလ ၁၀ ရက်၌ နှစ်လပြည့်ခဲ့ပြီဖြစ်သည်။ ယခုလကုန်ပိုင်းတွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု သည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နှင့်တွေ့ဆုံရန် စီစဉ်ထားသည်ဟု အစ္စရေးဝန်ကြီးချုပ်ရုံးက ဒီဇင်ဘာလ ၈ ရက်တွင် ကြေညာ ခဲ့သည်။ ဒီဇင်ဘာလ ၂၉ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု တို့တွေ့ဆုံမည်ဟု အစ္စရေးအစိုးရပြောရေးဆိုခွင့်ရှိသူ ရှာ့ဘတ်ဒရိုရှင် က ပြောသည်။ ထိုသို့တွေ့ဆုံစဉ် အတွင်း အပစ်အခတ်ရပ်စဲရေးအစီအစဉ်၏ အနာဂတ်ခြေလှမ်းများနှင့် အဆင့်များကို ဆွေးနွေးသွားမည်ဟု ၎င်းက ဆက်ပြောသည်။ ငြိမ်းချမ်းရေးအစီအစဉ်သည် လက်ရှိတွင် ပထမအဆင့်တွင်သာ ရှိသေးသည်။ ဟားမက်စ်တို့က နောက်ဆုံး လက်ကျန် ဓားစာခံ၏ရုပ်အလောင်းကို ပြန်လည်လွှဲပြောင်းပေးပြီးနောက် ဒုတိယအဆင့်စတင်မည်ဟု ယူဆရသည်။ ဟားမက်စ်တို့ လက်နက်ဖြုတ်သိမ်းရေးနှင့် ဂါဇာဒေသမှ အစ္စရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာပေးရေး တောင်းဆို ထားသည်။ သို့သော်လည်း ဟားမက်စ်တို့က လက်နက်ဖျက်သိမ်းရေးကို လက်ခံရန် တွန့်ဆုတ်နေဟန်ရှိသည်။ ယခုလ နှောင်းပိုင်းတွင် ငြိမ်းချမ်းရေးဘုတ်အဖွဲ့စတင်ကြောင်း အမေရိကန်အစိုးရကကြေညာရန် အစီအစဉ်ရှိသည်ဟု မီဒီယာ များတွင် ဖော်ပြထားသည်။ အဆိုပါဘုတ်အဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေးနှင့် စီမံ ခန့်ခွဲရေးကို ကြီးကြပ်၍ ထောက်ပံ့ပေးသွားမည်ဖြစ်သည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။