“အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီဖွဲ့စည်း”

11 Dec

အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ကျူးလွန်မှုများကို မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြု နိုင်ရန်၊ ပြည်တွင်းအင်အားစုများအပြင် ပြည်ပနိုင်ငံအစိုးရများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန်တို့အတွက် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီကိုဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ အမိန့်အမှတ် ၅၂/၂၀၂၅ ဖြင့် ဖွဲ့စည်းလိုက်ကြောင်း ဒီဇင်ဘာလ ၁၀ ရက်က အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ၎င်းကော်မတီကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ဒုတိယဥက္ကဋ္ဌ(၁)၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ဒုတိယဥက္ကဋ္ဌ(၂)တို့အဖြစ် တာဝန်ယူသွားမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်များအဖြစ် နေပြည်တော် ကောင်စီ အပါအဝင် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယ ရှေ့နေချုပ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဒုတိယ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲချုပ်(၂) တို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရပါတယ်။ ကော်မတီက အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ အမြစ်ပြတ်တိုက်ဖျက်ရေးအတွက် မူဝါဒ များချမှတ်ခြင်း၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးအတွက် လိုအပ်တဲ့ ကော်မတီများဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်းတို့ကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းက စားမှုများတိုက်ဖျက်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း (SOP)များ ရေးဆွဲချမှတ်ခြင်း၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ၌ တရားမဝင် ရောက်ရှိ လုပ်ကိုင်နေသော နိုင်ငံခြားသားများနှင့်စပ်လျဉ်း၍ ပြန်လည်လွှဲပြောင်းပေးရန် သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကိုလည်း ဆောင်ရွက်သွားရမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

11 Dec

ADVERTISE HERE .