“အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားချက်များကို လက်ခံဆောင်ရွက်ပေးလျက်ရှိ”
11 Dec
အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားချက်များကို အီလတ်ထရောနစ်စနစ်နှင့် လျှောက်လွှာလက်ခံဌာန တို့မှ လက်ခံစစ်ဆေးဆောင်ရွက်ပေးလျက်ရှိပြီး လစဉ်လဆန်း ၁ ရက်နေ့တိုင်း အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားချက် များအား ကန့်ကွက်နိုင်ကြောင်းကို ထုတ်ပြန်ကြေညာလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးမိုးသွယ် က ပြောကြားခဲ့ပါတယ်။ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ ကိုယ်စားလှယ်များနှင့်ဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညီလာခံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်များ စုစုပေါင်း ၁၂၀ ဦးခန့် တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးမိုးသွယ် က မူပိုင်ခွင့်ဥပဒေများကို ၂၀၁၉ ခုနှစ်မှာ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများကို ၂၀၂၃ ခုနှစ်နှင့် တီထွင်မှုမူပိုင်ခွင့်ဥပဒေကို ၂၀၂၄ ခုနှစ်တွင် အာဏာသက်ဝင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်းများကို ဘဏ္ဍာနှစ်တစ်နှစ်လျှင် နှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ အမှတ်တံဆိပ်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လျက်ရှိသော ကိုယ်စားလှယ်များအနေနဲ့ အမှတ်တံဆိပ်များလျှောက်ထားရာတွင် မူပိုင်ခွင့်ဦးစီးဌာနမှတောင်းခံတဲ့ လိုအပ်သောအချက်အလက်များ ဆောင်ရွက် ရာ၌ လွဲမှားမှုများလျော့နည်းစေရန်နှင့် ကိုယ်စားလှယ်တစ်ယောက်၏ တာဝန်ခံမှု၊ တာဝန်ယူမှုကို ပိုမိုသိရှိနားလည် စေရန်၊ အမှတ်တံဆိပ်ပိုင်ရှင်ကိုယ်စား ဆောင်ရွက်ရာတွင် ဝန်ဆောင်မှုကောင်းမွန်စွာပေးနိုင်စေရန်၊ မူပိုင်ခွင့်ဦးစီးဌာန နှင့် အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆွေးနွေးပွဲတွင် အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိပြီး အခြေအနေများ၊ အပြည်ပြည်ဆိုင်ရာကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ အမျိုးအစားခွဲခြားခြင်း(Nice Classification)အရ ခွဲခြားရာတွင် လွဲမှားလေ့ရှိသော အကြောင်းအရာများ၊ အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာ နောက်ဆက်တွဲ လျှောက်လွှာများတင်သွင်းခြင်း၊ ဖြည့်စွက်ခြင်းနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထားချက်များအား WIPO FILE စနစ်မှတစ်ဆင့် လျှောက်ထားရာတွင် လိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် ထုတ်ပြန်ကြေညာချက်များ ရှာဖွေနိုင်သည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြပါတယ်။ (NVS 004)