အမေရိကန်စစ်တပ် တိုက်လေယာဉ်နှစ်စင်း ဗင်နီဇွဲလားနိုင်ငံ ဝေဟင်ပိုင်နက်သို့ ဝင်ရောက်ဟု အမေရိကန် မီဒီယာ ဖော်ပြ

10 Dec

အမေရိကန် F-18 တိုက်လေယာဉ်နှစ်စင်းသည် ဒီဇင်ဘာလ ၉ ရက် နေ့လယ်ပိုင်းတွင် ဗင်နီဇွဲလားနိုင်ငံ ဝေဟင်ပိုင်နက်သို့ ဝင်ရောက်ခဲ့ပြီး ဗင်နီဇွဲလား ဝေဟင်ပိုင်နက်အတွင်း၌ အနည်းဆုံး မိနစ် ၄၀ ကျော် ပျံသန်းခဲ့ကြောင်း အမေရိကန် Miami Herald ၏ သတင်းဖော်ပြချက်အရ သိရသည်။ အမေရိကန်တိုက်လေယာဉ်သည် ဗင်နီဇွဲလားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မာရာခိုင်ဘိုမြို့၏ အရှေ့မြောက်ဘက် မိုင် ၁၀၀ ခန့် (၁၆၁ ကီလိုမီတာခန့်) အကွာအထိ ရောက်ရှိခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံ ဝေဟင်ပိုင်နက် အတွင်း၌ အနည်းဆုံး မိနစ် ၄၀ ကျော် ပျံသန်းခဲ့ကြောင်း၊ ပျံသန်းမှုအမြင့်မှာ ပေ ၂၅,၀၀၀ (၇,၆၂၀ မီတာ) ခန့် ဖြစ်ကြောင်း၊ ထို့နောက် အဆိုပါလေယာဉ်များသည် မြောက်ဘက်သို့ပျံသန်း၍ ထိုဒေသမှ ထွက်ခွာသွားကြောင်း သတင်းတွင် ဖော်ပြထားသည်။ အဆိုပါသတင်းတွင် ဆွီဒင်၏ FlightRadar 24 ဝက်ဘ်ဆိုက် အချက်အလက်များကိုလည်း ကိုးကား၍ အမေရိကန်စစ်တပ် တိုက်လေယာဉ်ပျံသန်းမှုကို ခြေရာခံမှုအရ ၎င်းတို့သည် ဗင်နီဇွဲလားနိုင်ငံ အနောက်မြောက်ပိုင်းရှိ မာရာခိုင်ဘိုရေကန်မြောက်ပိုင်း အထက်ဝေဟင်၌ ပျံသန်းခဲ့ပြီး ဗင်နီဇွဲလားပင်လယ်အော်ရေပြင်ကို ပျံသန်းကျော်ဖြတ် ခဲ့ကြောင်း၊ ပျံသန်းမှုလမ်းကြောင်းသည် ဗင်နီဇွဲလားနိုင်ငံ စွမ်းအင်လုပ်ငန်း ပြည်နယ်ကြီးနှစ်ခုဖြစ်သည့် Zulia ပြည်နယ်နှင့် Falcon ပြည်နယ်အကြားတွင်ဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါဖြစ်ရပ်သည် အမေရိကန်-ဗင်နီဇွဲလား ဆက်ဆံရေးတင်းမာမှု အဆင့်မြင့်တက်နေသည့် အခိုက် အတန့်နှင့် ကြုံဆုံလျက်ရှိသည်။ အမေရိကန်သမ္မတ ထရမ့် က လတ်တလောရက်ပိုင်းတွင် အမေရိကန်အနေဖြင့် “အမြန်ဆုံး” လှုပ်ရှားမှုလုပ်ဆောင်ပြီး ကုန်းလမ်းကြောင်းမှတစ်ဆင့် ဗင်နီဇွဲလား “မူးယစ်ဆေးဝါးရောင်းချသူများ” ကို တိုက်ဖျက်သွားမည်ဟု အကြိမ်များစွာ ပြောကြားခဲ့သည်။ လတ်တလောကာလအတွင်း အမေရိကန်သည် “မူးယစ်ဆေးဝါးတိုက်ဖျက်ဖမ်းဆီးရေး” ဟူသော အကြောင်း ပြချက်ဖြင့် ဗင်နီဇွဲလားနိုင်ငံ အနီးတစ်ဝိုက် ကာရေဘီယံပင်လယ်ပြင်၌ စစ်ရေယာဉ်အစင်းရေများစွာ ဖြန့်ကြက် နေရာချထားကာ ဗင်နီဇွဲလားနိုင်ငံအား ဖိအားပေးခဲ့သည်။ အမေရိကန်က စစ်ရေးခြိမ်းခြောက်မှုဖြင့် ဗင်နီဇွဲလားနိုင်ငံ၌ အုပ်ချုပ်ရေးအာဏာ ပြောင်းလဲရန်ကြိုးစားနေပြီး လက်တင်အမေရိကဒေသ၌ စစ်ရေးတိုးချဲ့မှုများ လုပ်ဆောင် နေသည်ဟု ဗင်နီဇွဲလားအစိုးရက အကြိမ်များစွာ ပြစ်တင်ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)

10 Dec

ADVERTISE HERE .