ဆာနာအဲ တာကာအိချိ က စည်းကမ်းချိုးဖောက်၍ အလှူငွေလက်ခံမှုအတွက် တောင်းပန်

10 Dec

ဂျပန်ဝန်ကြီးချုပ်၊ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ(LDP)ဥက္ကဋ္ဌ ဆာနာအဲ တာကာအိချိ သည် ဒီဇင်ဘာလ ၉ ရက်တွင် ၎င်းကိုယ်စားပြုသည့် LDP ပါတီဌာနခွဲက စည်းကမ်းချိုးဖောက်၍ လုပ်ငန်းကုမ္ပဏီ၏ အလှူငွေအား လက်ခံမှုကိစ္စအတွက် တောင်းပန်ခဲ့ကြောင်း ဂျပန်နိုင်ငံ The Nikkei သတင်းဖော်ပြချက်အရ သိရသည်။ ထိုနေ့တွင် ဆာနာအဲ တာကာအိချိ က အောက်လွှတ်တော် အရအသုံးကော်မတီ အစည်းအဝေး၌ ထုချေတင်ပြ ချိန်တွင် စည်းကမ်းချိုးဖောက်၍ အလှူငွေလက်ခံမှုနှင့်စပ်လျဉ်း၍ ၎င်းက ဌာနခွဲကိုယ်စားလှယ်အနေဖြင့် များစွာ ဝမ်းနည်းမိကြောင်း ပြောကြားခဲ့သည်။ ဆာနာအဲ တာကာအိချိ က ၎င်းအနေဖြင့် ကျော်လွန်နေသော ငွေပမာဏအား ပြန်လည် ပေးအပ်ပြီးဖြစ်ကြောင်းလည်း ဆိုခဲ့သည်။ ဆာနာအဲ တာကာအိချိ ကိုယ်စားပြုသည့် “LDP ပါတီ နာရခရိုင် အမှတ်(၂) မဲဆန္ဒနယ်ဌာနခွဲ” သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်တွင် တိုကျိုမြို့ ကုမ္ပဏီတစ်ခုထံမှ လှူဒါန်းငွေ ဂျပန်ယန်း သိန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၆၄,၀၀၀ ခန့်) လက်ခံခဲ့သည်ဟု ဂျပန်နိုင်ငံ၊ ကိုဘဲကာကူအင်တက္ကသိုလ် ပါမောက္ခ ဟီရိုရှိ ကာမိဝါကီ က ဒီဇင်ဘာလ ၄ ရက်တွင် အစိုးရရှေ့နေရုံးထံသို့ တရားစွဲဆိုခဲ့သည်။ သို့သော် ဂျပန်နိုင်ငံ၏ “နိုင်ငံရေးရန်ပုံငွေ စည်းမျဉ်းဥပဒေ” အရ အဆိုပါကုမ္ပဏီ မှတ်ပုံတင်ထားသော ရင်းနှီးငွေပမာဏနှင့်အညီ တစ်နှစ်ပတ်လုံးအတွင်း အများဆုံးလှူဒါန်းနိုင်သည့် ပမာဏမှာ ဂျပန်ယန်း ၇၅ သိန်းဖြစ်သည်။  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ဂျပန်နိုင်ငံ LDP ပါတီသည် “နိုင်ငံရေးရန်ပုံငွေ” နာမည်ပျက်သတင်း ပေါ်ထွက် ခဲ့သည်။ ယင်းမှာ အချို့သော ဂိုဏ်းဂဏအဖွဲ့ဝင်များက သက်ဆိုင်ရာလွှတ်တော်အမတ်များကို သတ်မှတ်စံနှုန်းအတိုင်း နိုင်ငံရေးရန်ပုံငွေစုဆောင်းသည့် ပါတီပွဲလက်မှတ်ရောင်းချခိုင်းပြီး ပိုလျှံသောငွေပမာဏကို “ကော်မရှင်ခ” အနေဖြင့် လွှတ်တော်အမတ်များကို ပြန်လည်ပေးအပ်ခဲ့သည်။ သို့သော်လည်း သက်ဆိုင်ရာရန်ပုံငွေသည် နိုင်ငံရေးရန်ပုံငွေ အရအသုံးအစီရင်ခံစာအတွင်း၌ မှတ်တမ်းတင်ထားခြင်းမရှိဘဲ ကြီးကြပ်မှုခံရခြင်းမရှိသော လျှို့ဝှက်ရန်ပုံငွေ ဖြစ်သွားခဲ့ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် ဆာနာအဲ တာကာအိချိ က ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင် ပြီးနောက် ခန့်အပ်ခဲ့သည့် အဆင့်မြင့်အရာရှိများအနက် ၇ ဦးသည် LDP ပါတီ၏ “နိုင်ငံရေးရန်ပုံငွေ” အမည်ပျက် သတင်းနှင့် ပတ်သက်နေသည်။ ဆာနာအဲ တာကာအိချိ က “နိုင်ငံရေးရန်ပုံငွေ” နာမည်ပျက်သတင်း အရေးကိစ္စတွင် သဘောထားပြတ်သားမှုမရှိဘဲ အရင်းအမြစ်မှ ပြုပြင်ရန်ဆန္ဒမရှိဟု ဂျပန်လူထုသဘောထားက ယူဆသည်။ (Repost from Xinhua Myanmar)

10 Dec

ADVERTISE HERE .