ကမ္ဘောဒီးယား-ထိုင်း ပဋိပက္ခကြောင့် ကမ္ဘောဒီးယားနယ်စပ်ဒေသခံပြည်သူပေါင်း ၁၀၀,၀၀၀ ကျော် နေရပ် စွန့်ခွာရကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာန ဆို

10 Dec

ကမ္ဘောဒီးယား-ထိုင်း ပဋိပက္ခသည် စတုတ္ထမြောက်နေ့သို့ ရောက်ရှိနေပြီဖြစ်ရာ ကမ္ဘောဒီးယားနယ်စပ် ဒေသခံ ပြည်သူပေါင်း ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာ၍ လုံခြုံရာဒေသသို့ ထွက်ခွာနေရကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ “နေရာစွန့်ခွာသူ စုစုပေါင်းအနေနဲ့ မိသားစု ၂၀,၁၀၅ စု၊ လူဦးရေ ၁၀၁,၁၂၉ ဦးခန့်ရှိပြီး အဲဒီထဲမှာ မွေးကင်းစ ကလေးငယ်၊ ကိုယ်ဝန်ဆောင်သည်၊ သက်ကြီးသူ အမျိုးသမီးနှင့် မသန်စွမ်းသူများ ပါဝင်ပါတယ်” ဟု ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဒီဇင်ဘာလ ၇ ရက် ညနေပိုင်းမှ ဒီဇင်ဘာလ ၁၀ ရက် နံနက်ပိုင်းအထိ ထိုင်းစစ်တပ်သည် လက်နက်ကြီးနှင့် F-16 တိုက်လေယာဉ်များဖြင့် ကမ္ဘောဒီးယား စစ်ဘက်ရေးရာစခန်းနှင့် အရပ်သားပြည်သူ လူနေဇုန်များစွာအား အဆက်မပြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ပဋိပက္ခကြောင့် ကမ္ဘောဒီးယား အရပ်သားပြည်သူ ၇ ဦးထက်မနည်း သေဆုံး၍ အခြား ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်ဒေသတွင် ဒီဇင်ဘာလ ၇ ရက်မှစ၍ ပဋိပက္ခအပြင်းအထန် ဖြစ်ပွား ခဲ့ရာ ဒေသများစွာ၌ လက်နက်သံများ ခပ်စိတ်စိတ်ပေါ်ထွက်လာခဲ့သည်။ နှစ်ဖက်လုံးက တစ်ဖက်မှ “စတင်ပစ်ခတ် သည်” ဟု အပြန်အလှန် အပြစ်တင်ကြကြောင်း သိရသည်။ (Repost from Xinhua Myanmar)

10 Dec

ADVERTISE HERE .